မြို့ရွာတွေအတွင်း တော်လှန်ရေးအဖွဲ့တွေ မရှိအောင် စစ်တပ်နဲ့ပူးပေါင်းဖို့ ဒုစစ်ခေါင်းဆောင်ပြော

0
26

မော်လမြိုင် ၊ မေ ၁

တည်ငြိမ်အေးချမ်းမှုရှိပြီးဖြစ်တဲ့ မြို့ရွာ‌တွေအတွင်း တော်လှန်ရေးအဖွဲ့တွေ စိမ့်ဝင်ခိုအောင်းမှု မရှိစေရေး လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစွာနဲ့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို စစ်တပ်နဲ့အတူ ပူးပေါင်းဖို့ ဒုစစ်ခေါင်းဆောင်က ပြောလာပါတယ်။

လူမြင်ကွင်းကနေ တစ်လနီးပါးပျောက်ကွယ်မှုကြောင့် သတင်းအမျိုးမျိုးထွက်ပေါ်နေတဲ့ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ဧပြီ ၂၉ ရက်နေ့က စစ်တပ်ဝါဒဖြန့် ရုပ်သံတွေမှာ ပေါ် ထွက်လာခဲ့ပါတယ်။

စစ်တပ်ဝါဒဖြန့် ရုပ်သံသတင်းတွေရဲ့ဖော်ပြချက်အရ ဒုစစ်ခေါင်းဆောင်ဟာ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်က ဝန်ကြီးချုပ်တွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေကို မော်လမြိုင်မြို့မှာတွေ့ဆုံပြီး လိုအပ်တဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို ပြောကြားခဲ့တာပါ။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အစိုးရ၊ စစ်တပ်နဲ့ ပြည်သူသုံးဦးသုံးဖလှယ် ပူးပေါင်းရမှာဖြစ်ပြီး ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မယ်လို့ ဆိုပါတယ်။

ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူတွေကို နားလည်သဘောပေါက်အောင် ရှင်းလင်းဆွေးနွေး စည်းရုံးသွားဖို့ ဒုစစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ကြိုတင်ကာကွယ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ဒုစစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ အမှန်တကယ်ပြည်သူကို ခြိမ်းခြောက်ဖို့ ရာဇသံပေးလိုက်တာလို့ သူ့အမြင်ကို ပြောပါတယ်။

“ပြည်သူတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းဖို့ စည်းရုံးပြောဆိုမှုအပေါ်မှာ ကျွန်တော်မြင်တာကတော့ စစ်ကောင်စီဟာ ပြည်သူတွေအပေါ်မှာ ယုံကြည်မှုကင်းမဲ့နေပြီးတော့ စိုးရိမ်ကြောင့်ကြမှုတွေ အ တော်လေးကြောက်ရွံ့တုန်လှုပ်နေတဲ့ အခြေအနေရှိတယ်။ ဒါကြောင့်လည်း ပြည်သူတွေကို စည်းရုံးဖို့ဆိုတဲ့ စကားလုံးကိုသုံးပြီး ပြည်သူကို ခြိမ်းခြောက်ဖို့ ရာဇာသံပေးလိုက်တယ် signal (အချက်ပြ) ပေးလိုက်တယ်လို့ပဲ ကျွန်တော်မြင်တယ် ခင်ဗျ”လို့ ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကရင်ပြည်နယ်ရှိ ကော့ကရိတ်မြို့နယ်နဲ့ မွန်-က ရင်နယ်စပ် ဂျိုင်းမြစ်ဒေသက ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသစတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နေရပ်စွန့်ခွာသူတချို့လည်း ပြန်လည်ဝင်ရောက်နေကြတာပါ။

ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမမှာ တပ်နယ်တွေ တပ်မှူးတွေနဲ့ တာဝန်ရှိသူတွေကိုတွေ့ဆုံပြီး စစ်ဆင်ရေး၊ နယ် မြေစိုးမိုးရေးနဲ့ လုံခြုံရေးပိုင်းဆိုင်ရာတွေကို ညှိနှိုင်းဆွေးနွေး မှာကြားခဲ့ပါသေးတယ်။

တစ်ဘက်မှာ ကရင်နဲ့ မွန်ဟာ နယ်စပ်ဒေသတွေဖြစ်ပြီး အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေး ဝင် ပေါက်‌တွေရှိတဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်ဖို့နဲ့ နယ်စပ်ကုန် သွယ်ရေးကဏ္ဍ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရမယ့် အခြေအနေတွေကိုလည်း ပြောဆိုခဲ့တာပါ။

ကရင်နဲ့မွန် ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကတော့ သက်ဆိုင်ရာပြည်နယ်အတွင်းရှိ ဒေသဆိုင်ရာ အချက်အလက်တွေ၊ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ ယာယီစစ်ရှောင်စခန်းဖွင့်လှစ်ထားရှိမှု ကိစ္စ‌တွေကိုလည်း တင်ပြခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.