သထုံ သိမ်ဆိပ်ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ရဲ ၄ ဦး ဒဏ်ရာရ

0
23

သထုံ၊ ဧပြီ ၂၈

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ရှိ သိမ်ဆိပ်နယ်မြေရဲစခန်းဟာ ဧပြီ ၂၇ ရက်နေ့ မနက် ၉ နာရီအ ချိန်ခန့်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သိမ်ဆိပ်ရဲစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံး ၃ လုံးချပြီး တိုက်ခိုက်ခဲ့တဲ့အ တွက် စခန်းမှူးရုံးအခန်းပေါ် တစ်လုံး၊ ဘန်ကာပေါ် တစ်လုံး၊ ဘန်ကာနဲ့စခန်းကြား တစ်လုံး ကျရောက်ပေါက်ကွဲ ခဲ့တာပါ။

ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း ရဲတပ်ကြပ်ကြီးတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့ပြီး ရဲစခန်းအဆောက်အဦး ခေါင်မိုးပျက်စီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒရုန်းဗုံးချခံရပြီးနောက် ရဲတပ်ဖွဲ့ဘက်က ဒရုန်းကို လိုက်လံပစ်ခတ်ခဲ့ရာ ဒရုန်းတစ်စီး ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ် ပျက်ကျကျန်ခဲ့ပြီး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သိမ်ဆိပ်ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

သိမ်ဆိပ်ရဲစခန်းကို ပြီးခဲ့တဲ့နှစ် ဧပြီ ၁၇ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့တချို့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.