ဖာပွန်မြို့နယ် အလုံးစုံမကျရေး စစ်ကောင်စီတပ်ရင်းတွေ ပြန်လည်စုစည်းပြီး ခုခံတိုက်ခိုက်နေ

0
24

ဖာပွန်၊ ဧပြီ ၂၈

ကရင်ပြည်နယ် ဖာပွန်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ခမရ ၄၃၄ ကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက် ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖာပွန်စစ်ဗျူဟာနဲ့ တပ်ရင်း ၂ ရင်းမှာ ပြန်လည်စုစည်းပြီး ခုခံတိုက်ခိုက်နေကြတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၂၅ ရက်နေ့က KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ် ခမရ ၄၃၄ တပ်ရင်းစခန်းကို KNLA တပ်မဟာ ၅ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်ခဲယမ်းကျည် အများအပြားကို သိမ်းဆည်းရရှိခဲ့ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျန်ရှိနေတဲ့ ဖာပွန်အခြေချစစ်ဗျူဟာနဲ့ ခမရ ၃၄၀ ၊ ခမရ ၃၄၁ တပ်ရင်းတွေမှာ ပြန်လည်စုစည်းပြီး ခုခံတိုက်ခိုက်နေကြတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ဆိုပါတယ်။

ဖာပွန်မြို့ကို ပြီးခဲ့တဲ့မတ်လပိုင်းက KNLA မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက် ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကျန်ရှိနေတဲ့ စစ်ကောင်စီ ဗျူဟာနဲ့ တပ်ရင်းဌာနချုပ်တွေကို ဆက်လက်ပိတ်ဆို့တိုက် ခိုက်ခဲ့ရာ မတ်လကုန်ပိုင်းမှာ ခလရ ၁၉ တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့သလို ဧပြီလကုန်ပိုင်းမှာလည်း ခမရ ၄၃၄ တပ်ရင်းကို သိမ်းပိုက်ရရှိခဲ့တာပါ။

ဖာပွန်မြို့ တောင်ဘက်ခြမ်းရှိ စစ်ကောင်စီဗျူဟာနဲ့ တပ်ရင်းဌာနချုပ်တွေကို KNLA မဟာမိတ်ပူး ပေါင်းအဖွဲ့က ဝိုင်းဝန်းပိတ်ဆို့မှု မစတင်ခင်နဲ့ ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်မှုနောက်ပိုင်းတွေမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဖာပွန်မြို့နဲ့ အနီးကျေးရွာတွေထဲကို ဗုံးကြဲတိုက်ခိုက်မှု အပြင်းအ ထန် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ ဖာပွန်မြို့ထဲနဲ့ အနီးဝန်းကျင်နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသခံပြည်သူတွေဟာ ဖာပွန်မြို့ပေါ်ကို ပြန်လည်နေထိုင်လို့မရဲသေးဘဲ ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကိုယ်ဝန်သည်အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သား ၈ ဦး သေဆုံးသွားခဲ့ရပြီး အိုးအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရသလို အရပ်သားပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ကလည်း ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.