“၂၀၂၄က ဥပဒေမဲ့ သတ်ဖြတ်မှုကို အဓိကတွေ့ရတဲ့ နှစ်ဖြစ်တယ်။ ဥပဒေမဲ့သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက် တိုးလာတဲ့နှစ်တနှစ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုဟာ အကျဉ်းထောင်တွေထဲမှာ အမြဲချိုးဖောက်ခံနေရတာ ဖြစ်တယ်”

0
48

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့် ပေးမှုနဲ့ပတ်သက်ပြီး တရားမျှတမှုမရှိဘူးလို့ဆိုပြီး အကျဉ်းသားတွေက ထောင်တွင်း ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီက အကျဉ်းသားတွေဟာ ထောင်တွင်းဆူပူသောင်းကျန်းမှု ကျူးလွန်တယ်ဆိုပြီး အကြမ်းဖက်ဖြိုခွင်ခဲ့တဲ့အတွက် အကျဉ်းသား ၄ ဦးထက်မနည်း သေဆုံးပြီး ဆယ်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် မြစ်ကြီးနားအကျဉ်းထောင်ထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ။ အကျဉ်းသားတွေ အင်အားသုံး ဖြိုခွင်းခံ ရတဲ့အခြေအနေ၊ စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေး ချိုးဖောက် ခံနေရတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ပြောရေးဆို ခွင့်ရှိသူ ကိုသိုက်ထွန်းဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဦးဆုံးအနေနဲ့ မြစ်ကြီးနားအကျဉ်းထောင်မှာ အကျဉ်းသားတွေ အစုလိုက်အပြုံလိုက် ထိ ခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ကိုသိုက်ထွန်းဦး – မြစ်ကြီးနား အကျဉ်းထောင်မှာ ဧပြီလ ၁၈ ညနေ လေးနာရီ နောက်ပိုင်းမှာ စစ်ကောင်စီ က ပေးလိုက်တဲ့ လျော့ရက်ခံစားခွင့် ခြောက်ပုံတစ်ပုံမှာ အကျုံးဝင်နေတယ်လို့ မိမိကိုယ်ကိုယူဆတယ်၊ ဒီလို အကျုံး ဝင်တယ်ဆိုရင် လွှတ်ပေးတာမှာပါရမှာဆိုတဲ့ ယူဆချက်တွေက အဲဒီကအကျဉ်းသားတွေမှာရှိကြတယ်။ အခြား အကျဉ်းသားတွေမှာ တချို့နိုင်ငံရေး အကျဉ်းသားတွေမှာလည်း ဒီလိုမျိုး ခံစားမှုတွေရှိကြတယ်။ ဒီလို အချိန်မျိုး မှာ အဲဒီမှာရှိတဲ့ ဝန်ထမ်းတစ်ဦးဦးနဲ့သွားပြီး တင်ပြတာကနေ အဆင်မပြေဘူးဖြစ်တယ်။ အဲဒီအခါမှာတခြား ရာ ဇဝတ် အကျဉ်းသားနဲ့ ဝန်ထမ်းကြားမှာ ပဋိပက္ခ ဖြစ်တာကနေစတယ်။

ဒီဘက်က လွတ်ရက်ထဲမှာမပါတဲ့အတွက် စိတ်ခံစားမှုတွေ မြင့်တက်နေတဲ့အချိန်မှာ နှစ်ဖက်ပဋိပက္ခဖြစ်ပြီး တော့ ကြွေးကြော်သံတွေ၊  မိမိတို့ရဲ့ လွတ်မြောက်မှုကို မိမိကိုယ်တိုင်တောင်းဆိုရမယ်ဆိုတဲ့ခံယူချက်၊ ယုံ ကြည်ချက်တွေနဲ့ အကျဉ်းသားတွေလွတ်မြောက်ရေးကို သူတို့ကိုယ်တိုင် ထောင်ထဲမှာ ငြိမ်းချမ်းစွာ ဆန္ဒ ပြတယ်။ ပြတဲ့အခါမှာ အကျဉ်းဦးစီး ဝန်ထမ်းတွေရဲ့ ဖြိုခွဲမှုစနစ်မကျတဲ့အခါမှာ နှစ်ဖက်ကြားမှာ အဓိကရုဏ်း ပုံစံတွေဖြစ်တယ်။ အဲဒါမှာ စစ်တပ်နဲ့ ရဲကို အကြမ်းဖက်နှိမ်နှင်းရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ထဲမှာ ပဋိပက္ခ ဖြစ်တယ်။ ထောင်ထဲမှာ ဆူပူမှုဖြစ်တယ်ဆိုပြီး သူတို့ခေါ်တဲ့အခါမှာ လေးနာရီခွဲဝန်းကျင်မှာ စစ်သားနဲ့ရဲ အင်အားခုနှစ်ဆယ်လောက် ရောက်လာပြီး ပစ်ခတ်မှုတွေစတင်ကြားရတယ်။ အဲဒီပစ်ခတ်မှုအတွင်းမှာ သူတို့က ခြောက်လှန့်ပစ်တယ်ဆိုသော်ငြားလည်း တကယ်တော့ ရည်ရွယ်ချက်ရှိရှိနဲ့ ဒီအကျဉ်းသားတွေကြားကို သူတို့ သေစေနိုင်လောက်တဲ့ ကျည်ဆန်အစစ်တွေသုံးပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လူအုပ်ကြားထဲမှာ အစုလိုက်အပြုံလိုက် သေဆုံးဖို့ရည်ရွယ်ပြီးမှ ပစ်ခတ်တာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် – စစ်ကောင်စီကပေးတဲ့ လျော့ရက်ခံစားခွင့် ပုံ ပုံမှာ အကျုံးဝင်တဲ့ အကျဉ်းသားတွေ ဘာ ကြောင့် လွတ်‌မြောက်တဲ့အထဲမပါတာလဲ။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ကိုသိုက်ထွန်းဦး – တကယ်တော့ စကစရေးလိုက်တဲ့ ကြေညာချက်ကိုက ရိုးရှင်းမှု၊ ရိုးသားမှုမရှိတာ ပထမဆုံး အနေနဲ့ တွေ့ရမှာပါ။ မှုလက သူတို့ကိုဆန့်ကျင်တွန်းလှန်တဲ့ လက်နက်ကိုင်ကို မပေးဖို့အတွက် နံပါတ်တစ်။ အဲဒီကြေညာချက်မှာ စကစကနေ လက်နက်ပုဒ်မတွေ အားလုံးကို တားမြစ်လိုက်တယ်။ အဲဒီပုဒ်မတွေ မပေး ဘူးလို့ ပြောတယ်။ ဒါ့အပြင် အဲဒီပုဒ်မတွေမှအပ ကျန်ပုဒ်မတွေမှာ  ကျန်ကာလရဲ့ဆိုတဲ့အခါမှာ သူတို့အပေါ်ကို ချမှတ်လိုက်တဲ့အခါမှာ တွက်ပြီးပေးတာမဟုတ်ဘူး။ သူတို့နေဖို့ ကျန်ကာလမှာ ခြောက်ပုံတစ်ပုံပဲ ပေးတာဖြစ် တဲ့အတွက် မလွတ်မြောက်တာ ဖြစ်ပါတယ်။ အဲဒီလိုမျိူး မလွတ်မြောက်တာကို အကျဉ်းဦးစီးကလည်း ပွင့်လင်း မြင်သာမှုရှိအောင် မရှင်းပြနိုင်တာလည်းပါတယ်။ နောက်တစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ကောင်စီရေးခဲ့တဲ့ ဒီ လိုမျိုး ကြေညာချက်တွေကြောင့်မို့လို့လည်း နောက်ဆက်တွဲ အကျိုးဆက်တွေအနေနဲ့ ထောင်တွင်းမှာ ဆန္ဒပြမှု တွေ ပဋိပက္ခတွေ ဖြစ်လာတယ်လို့ ကျွန်တော်တို့က ပြောချင်ပါတယ်။

သံလွင်တိုင်းမ် – ဒီဖြစ်စဉ်မှာ အကျဉ်းသားတွေက အကျဉ်းဦးစီးဌာနဝန်ထမ်းတွေကို ရန်မူတိုက်ခိုက်တာလာ ကြောင့် နှိမ်နင်းရတာလို့ စစ်ကောင်စီ ထုတ်ပြန်တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ကိုသိုက်ထွန်းဦး – တကယ်တော့ အကျဉ်းသားတွေမှာ ဘာလက်နက်မှ မရှိပါဘူး။ လက်နက်မရှိတဲ့ အကျဉ်း သားတွေ ဒီလိုမျိုးဖြစ်စေတဲ့အကြောင်းရင်းတွေကလည်း ခုနကပြောသလို ကြေညာချက်မှာကတည်းက ရိုးရိုး ရှင်းရှင်းနဲ့ လူတွေကို နားလည်အောင်မရေးတာနဲ့ စစ်ကောင်စီမှာ လိုအပ်ချက်တွေ အများကြီးကို ကျွန်တော်တို့ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုမျိုးအကျဉ်းသားတွေ စိတ်အဆင်မပြေဘူးသိတဲ့ အကျဉ်းဦးစီးတာဝန်ခံ တွေကလည်း ဒါကတော့ ဒီလိုရှိတယ်ဆိုတဲ့ ရှင်းလင်းချက်တွေ ထုတ်ပေးနိုင်ရင် ပဋိပက္ခဖြစ်စရာအဆင့်ထိ မ ရောက်နိုင်ဘူး။ နောက်တစ်ခုက လာရောက်တင်ပြတဲ့  အကျဉ်းသားတွေအပေါ်မှာ  ဝန်ထမ်းတွေကောင်းစွာ မဖြေရှင်းပဲနဲ့ နှစ်ဖက်ကြားမှာအချင်းများတာကနေ ဒီလိုကိစ္စမျိုးတွေ ဖြစ်စေတယ်။ သို့သော်လည်း ပြည်သူတွေ ကို ပြောချင်တာက အကျဉ်းသားတွေ တောင်းဆိုကြွေးကြော် ဆန္ဒပြတာဖြစ်ပါတယ်။ ရန်မှုတိုက်ခိုက်ပြီး ထောင် က ထွက်ပြေးဖို့ ထောင်ဖောက်ဖို့ ကြံစည်တာ မဟုတ်ဘူး။ မိမိတို့ အခွင့်အရေးအရ အကျဉ်းထောင်ထဲမှာ တောင်းဆိုကြတာသာ ဖြစ်ပါတယ်။ ဒီလိုတောင်းဆိုမှုတွေ၊ ကြွေးကြော်မှုတွေကို စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိနဲ့ လူအုပ်ထဲကို ပစ်ခတ်တာဖြစ်တဲ့အတွက် အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ၊ အစုလိုက် အပြုံလိုက် သေ စေနိုင်တဲ့ ဒဏ်ရာရမှုတွေ ဖြစ်စေတာပါ။

တကယ်တော့ အကျဉ်းထောင် သံတိုင်တွေကြားထဲမှာ ချောင်ပိတ်မိနေပြီး ရိုက်ခံနေရတဲ့ အကျဉ်းသားတွေမှာ ဘာမှပြန်လုပ်စရာ မရှိပါဘူး။ အကျဉ်းထောင်ထဲမှာ သူတို့ပြောသလို လက်နက်ကိုင်ဆောင်ခွင့် မရှိပါဘူး။ သွား ကြားထိုးတံတောင်မှ သွင်းလို့မရတဲ့ အကျဉ်းထောင်ဖြစ်တယ်။ သွားတိုက်တံကိုတောင် တစ်ဝက်ချိုးပြီးပေးတဲ့ အကျဉ်းထောင် ဖြစ်ပါတယ်။ အန္တရာယ်ပေးနိုင်တဲ့ ပစ္စည်းတွေမရှိဘူး။ အကျဉ်းသားတွေ ကိုင်ဆောင်ခွင့်မရဘူး။ ပြီးတော့ သူတို့ကို အန္တရာယ်ဖြစ်စေလောက်တဲ့ ပစ္စည်းရှိမရှိကို အကျဉ်းထောင်ထဲမှာ အမြဲတစေရှာဖွေ နေတာ ဖြစ်ပါတယ်။ တုတ်၊ ဓား၊ လက်နက်တွေ သူတို့ကို အန္တရာယ်ပေးနိုင်တဲ့ ပစ္စည်းတွေဆိုတာ သူတို့အကြောင်းပြ ချက် သက်သက်သာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် – စစ်ကောင်စီရဲ့ အင်အားသုံးဖြိုခွင်မှုကြောင့် အကျဉ်းသားတွေ ဘယ်လောက်ထိ ထိခိုက်ခံ စားခဲ့ရ လဲ။ PPNM ဘက်က ဘယ်လို အချက်အလက်တွေ ရရှိထားပါသလဲ။

ကိုသိုက်ထွန်းဦး – အဲဒီ ဖြစ်ရပ်နောက်ဆက်တွဲအနေနဲ့ အနည်းဆုံးသေဆုံးသူ လေးဦးကနေ ကျွန်တော်တို့ ရ ထားတဲ့ အချက်အလက်တွေအရ ခြောက်ယောက်ထိ သေဆုံးခဲ့ပြီး အပြင်းအထန် အသက်အန္တရာယ် သေဆုံး လုနီးပါး တစ်ယောက်ရှိတယ်။ နောက်စိုးရိမ်ရတဲ့သူ ငါးဦးရှိတယ်။ ဆေးဝါးကုသဖို့ လိုအပ်သူလေးဦးရှိတယ်။ စုစု ပေါင်း ဆယ့်ခြောက်ယောက်ကလည်း လုံးဝကို အသက်အန္တရာယ် ရင်ဆိုင်နေရတဲ့ အနေအထားဖြစ်တယ်။ ဒါ ကတော့ ကျွန်တော်တို့ ဆယ်ရှစ်ရက်ကနေ ဆယ့်ကိုးရက်အထိ ကြားရတဲ့အခြေအနေ ဖြစ်တယ်။ ပြီးတော့ ဧပြီလ ဆယ့်ကိုးရက် ညနေသုံးနာရီလောက်ထိတိုင်အောင် အကျဉ်းထောင်ထဲက  အကျဉ်းသားတွေရဲ့ ခန္ဓာ ကိုယ်တွေကိုသယ်ပြီး မီးသတ်ကားတွေအသုံးပြုပြီး စစ်တပ်ဝင်းထဲကို ပို့ဆောင်တယ်။ အဲဒီသယ်ထုတ်ခံရတဲ့ သူတွေက ဒဏ်ရာရတဲ့သူလား၊ သေဆုံးတဲ့သူတွေလား ဆိုတာတော့ အနီးကပ်သွားပြီး အတည်ပြုလို့ မရနိုင်တဲ့ အတွက် ပြောရခက်ပါတယ်။ ဒါပေမဲ့ အဲဒီမှာရှိတဲ့ အကျဉ်းသားတွေရဲ့ ခန္ဓာကိုယ်တွေကို မီးသတ်ပိုင်ကားနဲ့သယ် ထုတ်နေတာကိုတော့ သိရှိထားပါတယ်။

သံလွင်တိုင်းမ် –  မြစ်ကြီးနားအကျဉ်းထောင်ကလွတ်ငြိမ်းနဲ့ လွတ်မြောက်လာတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အ ဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွမ်ကို စစ်ကောင်စီက ဘာကြောင့်ပြန်လည်ဖမ်းဆီးထား တယ်လို့ မြင်ပါသလဲ။

ကိုသိုက်ထွန်းဦး – ဒီတစ်ခေါက် လွတ်ငြိမ်းမှာလည်း လူသိတဲ့ပုဂ္ဂိုလ်တွေ အနည်းဆုံးငါးဦးပါတယ်။ အဲဒီငါးဦးမှာ တချို့တွေက နှစ်ကြီးတွေဖြစ်တယ်။ သုံးနှစ်အထက် အမှုရင်ဆိုင်ရသူတွေ၊ အမိန့်ချခံထားရသူတွေ လွတ် မြောက်လာတာ ဖြစ်တယ်။ ပထမတော့ လွတ်ရက်စေ့လို့ အကျဉ်းဦးစီးဌာနက လွှတ်ပေးတာဖြစ်တယ်။ သို့သော် လွှတ်တဲ့နေရာမှာ ပြည်သူတွေအပြင် မီဒီယာတွေပါသိတဲ့အတွက် အဲဒီရက်မှာ သူတို့က High Lights ဖြစ်နေ တယ်။ အဲဒီတော့ စစ်ကောင်စီက စိုးရိမ်ပူပန်ပြီး ဒီလိုလူတွေကို လွှတ်ပေးရင် တော်လှန်ရေးအင်အားကောင်း နိုင်တယ်ဆိုပြီး ယူဆချက်တွေကြောင့် သူတို့ကိုခေါ်ယူညှိနိူင်းမှု လုပ်မှာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးရာမှာ စစ် ကောင်စီ အလိုမကျဘူးဆိုရင်တော့ ဖမ်းဆီးထိန်းသိမ်းတဲ့ အခြေအနေတစ်ရပ်ကို ရောက်သွားမှာဖြစ်ပါမယ်။

ကျွန်တော်တို့ ဆက်ပြီး စောင့်ကြည့်ရပါဦးမယ်။ ဒေါက်တာတို့ကလည်း ရပ်တည်ချက် ခိုင်မာနေတာဖြစ်တဲ့ အတွက် ပြန်လည်လွတ်မြောက်ဖို့ထက်စာရင် အကျဉ်းထောင်ထဲကို ပြန်လည်ပို့ဆောင်ခံရဖို့ အခြေ‌အနေ များတယ်လို့ မြင်ပါတယ်။ အဓိက ကတော့ စစ်ကောင်စီကို အန္တရာယ်ပေးနိုင်တဲ့ လူတွေလွတ်လာတဲ့ အပေါ်မှာ မီဒီယာတွေကလည်း တင်ပြပေးတဲ့အတွက် စစ်ကောင်စီက စိုးရိမ်ကြောင့်ကြပြီးခေါ်ယူပြီး ဆွေးနွေးတာမျိုး သတိပေးတာမျိုး လုပ်တာဖြစ်ပါတယ်။ ဆွေးနွေးမှု အဆင်မပြေသွားခဲ့ရင်တော့ အကျဉ်းထောင်ထဲကို ပြန်လည် ရောက်ရှိ သွားမှာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ စစ်ကောင်စီဘက်က ဘယ်လိုလူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်နေလဲ။

ကိုသိုက်ထွန်းဦး – လက်ရှိတစ်နိုင်ငံလုံး အကျဉ်းထောင်တွေ အခြေအနေကတော့ ရှေ့တန်းစစ်မြေပြင်သဖွယ်ပဲ ။ ခက်တာက ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေမှာ ဘာလက်နက်မှ မကိုင်ဆောင်နိုင်တဲ့ အ ခြေအနေမျိုးမှာ သို့သော်လည်း တစ်ဘက်ရန်သူဖြစ်တဲ့ အကျဉ်းဦးစီးဌာနတွေ၊ စစ်ကောင်စီ လက်အောက်ခံ တွေဖြစ်တဲ့ စစ်တပ်နဲ့ ရဲတွေက လက်နက်ကိုင်ပြီး ရည်ရွယ်ချက်ရှိရှိကိုမှ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ တွေကို ဥပဒေမဲ့စနစ်တကျ သတ်ဖြတ်မှုတွေ ကျုးလွန်နေတယ်။ ပြီးရင်စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေက ကာဗာပေးတဲ့အနေနဲ့ သူတို့တွေ မှန်ကန်ကြောင်း ဥပဒေမဲ့တွေမလုပ်ကြောင်း ဖြေရှင်းပေးနေတာဖြစ်တဲ့အတွက်  မြေပြင်မှာရှိတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေ စစ်တပ်နဲ့ရဲတွေက လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ကျူးလွန်လို့ရတဲ့ နှစ်ဖြစ်တယ်။

၂၀၂၄ က ဥပဒေမဲ့ သတ်ဖြတ်မှုကို အဓိကတွေ့ရတဲ့ နှစ်ဖြစ်တယ်။ ဥပဒေမဲ့သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာတဲ့နှစ်တနှစ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုဟာ အကျဉ်း ထောင်တွေထဲမှာ အမြဲချိုးဖောက်ခံနေရတာ ဖြစ်တယ်။ အမြဲတမ်းဖိနှိပ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရတာဖြစ်တယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.