“MSFC၊ MSRF ၊ MSDF သုံးဖွဲ နဲ့ မွန်ပြည်သစ်ပါတီ AD ကြား ကျစ်လျစ်ခိုင်မာတဲ့ ဗျူဟာမြောက် ပူးပေါင်း ဆောက်ရွက်မှု ဖြစ်လာခဲ့ရင် မွန်အမျိုးသား လွတ်မြောက် ရေးအတွက် အများကြီးတွန်းအားပေးနိုင်တယ်”

0
169

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်မီးဟာ မွန်ဒေသတွေအထိ စစ်မျက်နှာ ကျယ်ပြန့်လာ သလို မွန်တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်ဖို့ ပူးပေါင်းတာတွေ ရှိလာခဲ့တာပါ။ အဲဒီထဲမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည် တော်လှန်ရေးတပ် MSRF တို့ကလည်း ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့မှာ ပူးပေါင်းခဲ့တာပါ။

ဒါ့အပြင် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ကလည်း မွန်လက်နက်ကိုင်တပ်တွေ၊ မွန်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဖိတ်ခေါ် ကမ်းလှမ်းထားပါတယ်။

ဒါကြောင့် အာဏာသိမ်းသုံးနှစ်အတွင်း မွန်နိုင်ငံရေး၊ တော်လှန်ရေးရေချိန် ဘယ်လောက်အထိ ပြောင်းလဲခဲ့ပြီ လဲ။ မွန်တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်မှု၊ မွန်ဒေသမှာ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်မလား။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာသီရိ မွန်ချမ်းနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံးအနေနဲ့ မွန်နိုင်ငံရေး၊ တော်လှန်ရေးရေချိန်က လွန်ခဲ့တဲ့ နှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ဘယ်လောက်အတိုင်းအတာအထိ ဖြစ်ပေါ်ပြောင်းလဲနေတာလဲ။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဒေါက်တာသီရိမွန်ချမ်း – လက်ရှိ မွန်နိုင်ငံရေး၊ တော်လှန်ရေးရေချိန်က လွန်ခဲ့တဲ့သုံးနှစ်နဲ့ နိူင်းယှဉ်ကြည့်ရင် အားရစရာကောင်းအောင် အများကြီးတိုးတက် ဖြစ်ပေါ်လာတယ်လို့ ပြောရမှာပါ။ လွန်ခဲ့တဲ့သုံးနှစ် စစ်ကောင်စီ အာဏာသိမ်းကာစက  မွန်ပြည်သူမွန်ပြည်သားအများစုက စစ်ကောင်စီ အာဏာသိမ်းမှုအပေါ် ကြည်လင် ပြတ်သားတဲ့ အမြင်တွေမရှိခဲ့ဘူး။ ဒါက ဗမာနဲ့ ဗမာကြားဖြစ်တဲ့ နိုင်ငံရေးပြဿနာ၊ NLD နဲ့ မင်းအောင်လှိုင် ဦးစီးတဲ့ ဗမာစစ်တပ်ကြားဖြစ်တဲ့ နိုင်ငံရေးအာဏာလုပွဲလို့ အချို့သော မွန်နိုင်ငံရေးသမား၊ မွန်ပညာရှင်များနဲ့ ဩဇာရှိတဲ့ မွန်ပုဂ္ဂိုလ်တချို့တွေရဲ့ ပြောဆိုမှုတွေကြောင့် မွန်ပြည်သူပြည်သားများရဲ့ နိုင်ငံရေး အမြင်လည်း ဝေဝါးသွားခဲ့တယ်။ မွန်ပြည်သစ်ပါတီနဲ့ မွန်နိုင်ငံရေးပါတီ MUP တို့က စစ်ကောင်စီကို အခြားခြားသော ပြည် နယ်နဲ့ တိုင်းများလို လက်နက်ကိုင်ဆန့်ကျင်ရေး တော်လှန်ရေး မပြုလုပ်ဘဲ မွန်တွေက အပစ်ခတ်ရပ်စဲရေး  ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ထိန်းထားနိုင်ရင် မွန်ပြည်က ငြိမ်းချမ်းနေပြီ။

မွန်ပြည်သူပြည်သားများကလည်း စစ်ရဲ့အနိဌာရုံ တွေဖြစ်တဲ့ စစ်ဘေးစစ်ဒဏ်တွေကို ခံရမှာမဟုတ်ဘူးလို့ ယုံကြည်လာခဲ့တယ်။ ထို့အတွက်ကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို လက်နက်ကိုင်တော် လှန်ရေးဖြင့် တော်လှန်တိုက်ခိုက်ဖို့ ဖွဲ့စည်းလာခဲ့တဲ့ မိမိတို့ မွန်ပြည်ကာကွယ်ရေးတပ် MSDF လိုမျိုးနဲ့ မွန် ပြည်တော်လှန်ရေးတပ် MSRFတွေကို မွန်ပြည်သူပြည်သားများရဲ့ ထောက်ခံမှု အပြည့်အ၀ မရရှိခဲ့ဘူး။ သို့သော် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းလောက်က မွန်ပြည်သစ်ပါတီမှ စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲရေးကို ထိန်းသိမ်း ထားတဲ့ကြားက မွန်ကျေးရွာတွေဖြစ်တဲ့ ကမ်းနီးတပ်မှာ စစ်ဘေးစစ်ဒဏ်ကို စတင်ခံစားလာကြရတယ်။

နောက်ပိုင်းမှာကျတော့ မွန်ပြည်နယ်တစ်ဝှမ်း ကျိုက်မရော၊ သံဖြူဇရပ်၊ ရေးမြို့နယ်တွေမှာလည်း စစ်ဘေးစစ် ဒဏ်ကိုခံစားလာရကြတယ်။ အခုတလော ဂျိုင်းမြစ်ဝှမ်းတွေတလျှောက်မှာတည်ရှိနေတဲ့ မွန်ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးခဲ့ရတယ်။ ဒါကြောင့်မို့ ယခုအချိန်မှာ ရဟန်း ရှင်လူမွန်ပြည်သူ မွန်ပြည်သားတွေအများစုက မွန်ပြည်သူကိုဒုက္ခမျိုးစုံပေးနေတဲ့ စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်မှသာ မွန်ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီအရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတွေကို ရရှိနိုင် လိမ့်မယ်လို့ ယုံကြည်လက်ခံလာကြတယ်။

သံလွင်တိုင်းမ် – တစ်ဘက်မှာ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း NMSP-AD ကလည်း သူတို့နဲ့ ပူးပေါင်းဖို့ မွန်တပ်တွေကို ဖိတ်ခေါ်ထားတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဒေါက်တာသီရိမွန်ချမ်း – ဝါရင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီ AD ကလည်း တူညီတဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ပြီး မတူကွဲပြားမှုကို ချန်လှပ်ကာ မွန်ပြည်နယ်ရှိ အခြားခြား သော မွန်တော်လှန်ရေး လက်နက်ကိုင်တပ်တွေနဲ့ မွန်နိုင်ငံရေးအဖွဲ့အစည်းတွေကို နိုင်ငံရေးစစ်ရေးပူးပေါင်း ဆောင်ရွက်ပြီး ပူးပေါင်းလုပ်ကြဖို့ ဖိတ်ခေါ်လာပါတယ်။ ဘုံရန်သူစကစကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းနိုင်ဖို့က မွန်ပြည်တစ်ခွင်မှာ လှုပ်ရှားနေကြတဲ့ မွန်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေ မွန်နိုင်ငံရေးအဖွဲ့ အစည်းတွေ ကျစ်လျစ်ခိုင်မာတဲ့ နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှု မဖြစ်မနေပြုလုပ်ဖို့လိုပါတယ်။ ကျစ် လျစ်ခိုင်မာတဲ့ စစ်ရေး၊ မဟာမိတ် Military Alliance တစ်ခုအဖြင့် Join Commander အနေဖြင့် ပူးပေါင်း ဆောင်ရွက်မှုတွေ အများကြီး ပြုလုပ်နေပါတယ်။ ဒီဖိတ်ခေါ်မှုဟာ အပြုသဘောဆောင်တဲ့ လက်တွေ့ကျတဲ့ ဖိတ်ခေါ်မှုတစ်ရပ်ရပ်လို့ မိမိတို့သုံးသပ်မိပါတယ်။

သံလွင်တိုင်းမ် – နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ MSFC ၊ MSRF၊ MSDF တို့ကလည်း ပူးပေါင်း ထားတယ်ဆိုတော့ ဒီအခင်းအကျင်းကရော စစ်အာဏာရှင် ဖြုတ်ချရေးနဲ့ မွန်ဒေသနယ်မြေစိုးမိုးရေး၊ အုပ်ချုပ် ရေးအတွက် ဘယ်လောက်ထိ အထောက်အပံ့ဖြစ်စေနိုင်မလဲ။

ဒေါက်တာသီရိမွန်ချမ်း – နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ MSFC၊ MSRF၊ MSDF တို့ရဲ့ နိုင်ငံရေး  စစ်ရေး ပူးပေါင်းဆောင်ရွက်မှု တွေက စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်အမျိုးမျိုး အမြစ်ပြတ်ချေမှုန်းရေးနဲ့ မွန်ဒေသနယ်မြေစိုးမိုးရေး အုပ်ချုပ်ရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေနိုင်တာပါ။ လက်နက်ကိုင် တော်လှန်ရေးတစ်ရပ် အောင်မြင်ဖို့ တိုက်ပွဲဝင်နေကြတဲ့ လက်နက်ကိုင်တပ်တွေကြားမှာ ဟန်ချက်ညီညီ စစ်ရေး လှုပ်ရှားမှုတွေ၊ ဗျုဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့လိုတယ်။ ဒါကြောင့်မို့ အစကနဦး နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုမှ  မွန်ဒေသတစ်ခုလုံးမှာ လှုပ်ရှားနေတဲ့ ကျန်ရှိနေတဲ့ အခြားသော မွန် တော်လှန် ရေး တပ်တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီAD ,Mon Liberation Army တို့နဲ့ မွန်ပြည်လွတ်မြောက်ရေး ဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်စေနိုင်မှာပါ။ တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပေါ်တိုးတက်နေတဲ့ နိုင်ငံရေး စစ်ရေးအခင်းအကျင်းကို မွန်ပြည်နယ်မှာရှိတဲ့ တော်လှန်ရေး လက်နက်ကိုင်တပ်တွေ ဖြစ်ကြတဲ့ MSDF ၊MSFC ၊ MSRF တို့ရဲ့ ကနဦးပူးပေါင်းဆောင်ရွက်မှုမှသည် ကျန်ရှိနေတဲ့ အခြားသော မွန်တော်လှန်ရေး လက်နက်ကိုင် တပ်တွေဖြစ်ကြတဲ့ NMSP-AD , Rehmonnya Defense Force တို့နဲ့ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တွေ လုပ်လာနိုင်ခဲ့ရင်  စစ်အာဏာရှင် ပြုတ်ကျရေးနဲ့ မွန်ဒေသနယ်မြေစိုးမိုးရေး အုပ်ချုပ်ရေးအတွက် အများ ကြီး အထောက်အကူ ဖြစ်လာနိုင်မှာပါ။

သံလွင်တိုင်းမ် – နောက်တစ်ချက်က တကယ်လို့များ (MSFC ၊ MSRF၊ MSDF) ဒီသုံးဖွဲ့နဲ့ NMSP-AD တို့ တစ်ပေါင်းတစ်စည်းတည်းဖြစ်သွားကြမယ်ဆိုရင် ဒီပေါင်းစည်းမှုအားကနေ မွန်အမျိုးသားလွတ်မြောက်ရေး အတွက် ဘယ်လောက်ထိ တွန်းအားပေးနိုင်မလဲ။သက်ရောက်နိုင်မလဲ။

ဒေါက်တာသီရိမွန်ချမ်း – အထက်မှာ ပြောခဲ့သလိုပဲ MSFC၊ MSRF ၊ MSDF သုံးဖွဲ နဲ့ မွန်ပြည်သစ်ပါတီ AD ကြား ကျစ်လျစ်ခိုင်မာတဲ့ ဗျူဟာမြောက် ပူးပေါင်းဆောက်ရွက်မှု ဖြစ်လာခဲ့ရင် မွန်အမျိုးသားလွတ်မြောက်ရေး အ တွက် အများကြီးတွန်းအားပေးနိုင်တယ်။ မွန်အမျိုးသားလွတ်မြောက်ရေးလို့ပဲခေါ်ခေါ်၊ မွန်တစ်မျိုးသားလုံး အတိုင်းအတာနဲ့ အမျိုးသားမဟာဗျူဟာရှိရမယ်။ ဒီမဟာဗျူဟာအောက်မှာ စစ်ရေးနဲ့သက်ဆိုင်တဲ့  အမျိုးသား ကာကွယ်ရေး မဟာဗျူဟာဆိုတာလည်း ရှိရမယ်။ မြန်မာပြည်လွတ်မြောက်ရေး တိုက်ပွဲမှာ ဖက်ဆစ် ဆန့်ကျင် ရေးနဲ့ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်လို မွန်တစ်မျိုးသားလုံး အတိုင်းအတာ‌ဖေါ်ဆောင်တဲ့ ကိုယ်စားပြုတဲ့ မွန်အဖွဲ့ချုပ်တစ်ခုခုအောက်မှာ အမျိူးသားမဟာဗျူဟာချမှတ်ပြီး စစ်ရေးနဲ့သက်ဆိုင်တဲ့ အမျိုးသားကာ ကွယ် ရေး မဟာဗျူဟာတွေကို ဗျူဟာမြောက်ပူးပေါင်းဖွဲ့စည်းထားတဲ့  MSDF ၊MSFC ၊ MSRF နဲ့ မွန်ပြည်သစ်ပါတီ AD တို့က လက်တွေ့ အကောင်အထည်ဖော်နိုင်ရင် မွန်အမျိုးသား လွတ်မြောက်ရေးအတွက် အများကြီး တွန်း အား ဖြစ်လာမယ်။ အများကြီးလည်း သက်ရောက်မှု ရှိလာနိုင်မှာပါ။

သံလွင်တိုင်းမ် – မွန်ဒေသမှာလည်း အခြားရခိုင်တို့၊ ချင်းတို့၊ ကရင်နီတို့ ရှမ်းမြောက်တို့လိုမျိုး လွတ်မြောက် နယ်မြေဖြစ်ဖို့ရဖို့က မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်မှရနိုင်တာမို့ ဒီအခြေအနေကရော ဘယ်လောက် ထိ ဖြစ်နိုင်ခြေရှိမလဲ။ 

ဒေါက်တာသီရိမွန်ချမ်း – ယခုမျက်မှောက် မြေပြင်ပကတိ အခြေအနေအရ အခြား အခြားသောတိုင်းရင်းသား ဒေသလိုမျိုး မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲဖို့  အခြေအနေမပေးသေးဘူးလို့ပဲ ရိုးရိုးသားသား ဝန်ခံရမှာ ပါ။ သို့သော်ငြား ဒီလိုအခြေအနေမျိုးရောက်လာအောင် မွန်ပြည်နယ်မှာလှုပ်ရှားနေတဲ့ မွန်လက်နက်ကိုင်များ အားလုံး ဗျူဟာမြောက်  ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။ ထိုမှတဆင့် အခြားပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့တွေ၊ PDF တွေနဲ့ မွန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ နယ်နမိတ်မှာ လှုပ်ရှားနေတဲ့ တိုင်းရင်း သား မဟာမိတ်တပ်ဖွဲ့တွေနဲ့ ကျစ်လျစ်ခိုင်မာတဲ့ တပ်ပေါင်းစုတစ်ခု စုဖွဲ့စည်းနိုင်ရင် မြို့သိမ်းစခန်းသိမ်း တိုက်ပွဲ တွေ ဆင်နွှဲလာနိုင်မှာပါ။

သံလွင်တိုင်းမ် – နောက်ဆုံးတစ်ခုအနေနဲ့ မွန်တွေ အမြဲပြောလေ့ရှိတဲ့ မွန်ပြည်ထူထောင်ဖို့ မွန်ပြည်အရယူဖို့က စစ်အာဏာရှင်စနစ်ပြုတ်ကျနိုင်မှ အရယူနိုင်တာမို့ မွန်အရပ်သားပြည်သူတွေကရော ဒီအပေါ် ဘယ်လောက်အ ထိ စိတ်ပါဝင်စားမှု ရှိနေကြမလဲ။

ဒေါက်တာသီရိမွန်ချမ်း – နောက်ဆုံးအနေနဲ့ မွန်တို့ရဲ့ ကံကြမ္မာတွေကို မွန်တွေကိုယ်တိုင် အပြည့်အဝဖန်တီး နိုင်ဖို့ မွန်ပြည်ထူထောင်ဖို့ အဓိကအနှောင့်အယှက်ပေးနေတဲ့ စစ်အာဏာရှင်စနစ်ဆိုတာကို မွန်ပြည်သူ ပြည် သားများက ပီပီပြင်ပြင်မြင်လာခဲ့ကြပါပြီ။ အထက်မှာ ပြောခဲ့သလိုပဲ နွေဦးတော်လှန်ရေး စတင်တဲ့အချိန်က ၂၀၂၁ ခုနှစ်မှာ စစ်အာဏာရှင်တွေကို အမြစ်ဖြတ်ချေမှုန်း တော်လှန်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေး ကို သိပ်အားမပေးကြဘူး။ သို့သော်အခုအချိန်မှာ မွန်ပြည်နယ်နဲ့ ဆက်စပ်ဒေသတွေမှာ အထူးသဖြင့် ဂျိုင်း မြစ်ဝှမ်းဒေသတွေမှာ ဖြစ်ပေါ်တိုးတက်နေတဲ့ စစ်ရေးအခြေအနေကြောင့် ရဟန်းရှင်လူ မွန်ပြည်သူ ပြည်သား များကလည်း လက်နက်ကိုင်တော်လှန်ရေးကို အားပေးလာကြတယ်။ ဒါကြောင့် မွန်ပြည်သူပြည်သားများရဲ့ လက်နက်ကိုင် တော်လှန်ရေးကို စိတ်ဝင်စားမှု အားပေးထောက်ပံ့မှုတွေကို အမျိုးသားမဟာဗျူဟာကျကျ၊ အမျိုးသား ကာကွယ်ရေး မဟာဗျူဟာကျကျ နိုင်ငံရေးစစ်ရေးနဲ့ လူထုပါဝင် ပူးပေါင်းလှုပ်ရှားမှုတွေကို ဟန်ချက် ညီညီလုပ်ဆောင်နိုင်ပါက မိမိတို့ မျော်မှန်းထားတဲ့ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်အမျိုးမျိုး အမြစ်ပြတ် ချေမှုန်းရေးနဲ့ မွန်ပြည်ပြန်လည် ထူထောင်ရေးပန်းတိုင်ကို လက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.