မော်လမြိုင်မှာ ဆရာဝန်နေအိမ် ဖောက်ထွင်းခံရ၊ ကျပ်သိန်း ၁၁၀၀ ကျော် ပါသွား

မော်လမြိုင်၊ နိုဝင်ဘာ ၁၁

စစ်အစိုးရ လုံခြုံရေး တင်းကျပ်ထားတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဆရာဝန် တစ်ဦး နေအိမ် ဖောက်ထွင်းခံရပြီး စိန်ရွှေရတနာအပါအဝင် ကာလတန်ဖိုး ကျပ်သိန်း ၁၁၆၀ ကျော် ခိုးယူခံခဲ့ရတယ်လို့ ရဲတပ်ဖွဲရဲ့ မှတ်တမ်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ ညက သီရိမြိုင်မြေနယ် သရက်ကုန်းရပ်ကွက်ရှိ“လှိုင်လင်း”အမည်နဲ့ ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာနေလင်းအောင်ရဲ့ နေအိမ် ဖောက်ထွင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဆရာဝန် လင်မယား နှစ်ဦးဟာ ည ၈ နာရီ ဆေးခန်းပိတ်ပြီး အိမ်ပြန်အရောက်မှသာ နေအိမ်ဖောက်ထွင်းခံရမှုကို သိရှိခဲ့တာ ဖြစ်ပါတယ်။

နေအိမ် ဖောက်ထွင်းခံရတာကြောင့် ထိုင်းရွှေ ၂ ကျပ်သားရှိ ငါးရိုးကြိုး ဆွဲကြိုး တစ်ကုံး ကာလတန်ဖိုး ကျပ် ၁၉၆ သိန်း ၊ စိန်ပုံဆန်း လောကတ်သီး တစ်ခု ကာလတန်ဖိုး ကျပ်သိန်း ၁၃၀ ကျော်၊ မီးလင်းလက်ကောက် တစ်ကျပ်ခွဲ လေးကွင်းအပါအဝင် တခြားရွှေနဲ့စိန်လက်ဝတ် ရတနာလည်း ခိုးယူခံခဲ့ရပါတယ်။

အဲဒီဖောက်ထွင်းမှုမှာ ဗိုလ်ထိုင်အိမ်သာပေါ်မှာ ထပ်တင်ထားတဲ့ အဝတ်ထည့်တဲ့ ကော်ဗုံးအတွင်းမှာ ထည့်ထားတဲ့ တစ်သောင်း တန်ငွေစက္ကူ ကျပ်သိန်း ၂၀၀ လည်း ပျောက်ဆုံးခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

နေအိမ်ဖောက်ထွင်းမှု ကျူးလွန်သူတွေကို မုပွန်နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ နဲ့ အမှုရေးဖွင့်အရေးယူထားပြီး လက်ရှိအချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက်ရှိ ကိုကိုညီညီလျှပ်စစ်ပစ္စည်းအရောင်းဆိုင် နေအိမ် ဖောက်ထွင်းခံရတာကြောင့် ငွေကျပ်သိန်း ငါးသောင်းကျော် တန်းဖိုပစ္စည်းတွေ ခိုးယူခံခဲ့ရပါတယ်။

စစ်အစိုးရ အပြည့်အဝ အုပ်ချုပ်နေရတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ နေအိမ် ဖောက်ထွင်းခံရတာနဲ့ ခိုးဆိုးလုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေပေမယ့် ထုတ်ဖော်အရေးယူနိုင်မှု မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.