ဘားအံ၊ နိုဝင်ဘာ ၁၁
ကရင်အမျိုးသားအစည်းအရုံး KNU ခရိုင် ၇ ခုမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ဦးရေဟာ ၉ သိန်း ၄ သောင်းကျော် ရှိတယ်လို့ ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများကော်မတီ CIDKP ရဲ့ နိုဝင်ဘာ ၆ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
KNU ခရိုင် ၇ ခရိုင်ရှိ စစ်ဘေးရှောင်လူဦးရေ စုစုပေါင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လက တစ်သန်းကျော် ရှိခဲ့ရာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာတော့ လူဦးရေ ၉ သိန်း ၄ သောင်းကျော်အထိ လျော့ကျသွားခဲ့တယ်လို့ CIDKP က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေ ယာယီငြိမ်သက်ရာနေရာအချို့မှာ အိမ်ထောင်စုတချို့ မူလနေရပ်တွေဆီ ပြန်လည်ဝင်ရောက်နိုင်ခဲ့ပေမယ့် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးကို ထိခိုက်စေခဲ့ပြီး ထပ်မံနေရပ်စွန့်ခွာရွှေ့ပြောင်းမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့တယ်လို့ CIDKP က ဆိုထားပါတယ်။
ခရိုင်အလိုက် စစ်ရှောင်လူဦးရေ ရွှေ့ပြောင်းမှုအခြေအနေတွေအရ သထုံခရိုင် ၁၄၀,၀၀၀ ကျော်၊ တောင်ငူခရိုငမှာ ၁၆၀,၀၀၀ ကျော်၊ ဘားအံခရိုင်မှာ ၄၀,၀၀၀ နီးပါး၊ ညောင်လေးပင်ခရိုင်မှာ ၁၆၀,၀၀၀ နီးပါး၊ မြိတ်-ထားဝယ်ခရိုင်မှာ ၁၄၀,၀၀၀ ကျော်၊ ဖာပွန်ခရိုင်မှာ ၈၄,၀၀၀ ကျော်၊ ဒူးပလာယာခရိုင်မှာ ၂၁၀,၀၀၀ ကျော် ဆက်ရှိနေပါတယ်။
KNU ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလ ပထမအပတ်တွေထဲမှာ စစ်တပ်က အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေအပေါ် လေကြောင်းဗုံးကြဲမှုတွေ အပြင်းအထန်လုပ်ဆောင်ခဲ့ရာ ကလေးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေခဲ့တာပါ။
လေကြောင်းဗုံးကြဲမှုအတွင် နေအိမ် စာသင်ကျောင်း ဆေးပေးခန်း ဘာသာရေးအဆောက်အဦးတွေလည်း များစွာထိမှန်ပျက်စီးခဲ့တာဖြစ်ပါတယ်။
ဖာပွန်ခရိုင်မှာ စစ်တပ်ရဲ့ နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေဟာ ရွာတွေထဲမှာ နေထိုင်လို့မရဲကြတော့ဘဲ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ အန္တရာယ်တွေကြားမှာ သတိကြီးစွာ နေထိုင်ရလျက်ရှိနေတယ်လို့ CIDKP က ထုတ်ပြန်ပြောဆိုထားပါတယ်။
နိုင်ငံတဝန်းမှာ အာဏာသိမ်း စစ်တပ်ဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို လေယာဉ် ဒရုန်း လက်နက်ကြီးတွေနဲ့ အကြမ်းဖက်တိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ စစ်ရာဇဝတ်မှုဆိုင်ရာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်လျက်ရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

