ငြိမ်းချမ်းရေးမှာ ပြည်သူတွေ ပါလာအောင် ဝင်ကူပေးဖို့ အရပ်ဘက်အဖွဲ့တွေကို စစ်အစိုးရ စည်းရုံး

နေပြည်တော် ၊ နိုဝင်ဘာ ၁၁

စစ်အစိုးရ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူတွေ ပူးပေါင်းပါဝင်လာအောင် အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ဝင်ကူပေးကြဖို့ စစ်အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC က စည်းရုံးပြောဆိုလာပါတယ်။

စစ်အစိုးရ ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးမူဝါဒတွေနဲ့ NSPNC ရဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် အထောက်အကူပြုနိုင်စေဖို့ ရည်ရွယ်ပြီး နိုဝင်ဘာ ၉ ရက်နေ့က နေပြည်တော်မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ကြတာပါ။

တွေ့ဆုံပွဲကို ကာကွယ်ရေးဝန်ကြီး NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် အပါအဝင် အတွင်းရေးမှူးနဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဥက္ကဋ္ဌတွေ၊ ဒုဥက္ကဋ္ဌတွေ၊ အထွေထွေအတွင်းရေးမှူးတွေအပြင် သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုအကျိုးဆက်ကြောင့် တိုင်းပြည်မှာ ကဏ္ဍပေါင်းစုံ ဆုတ်ယုတ်လာနေတဲ့အပေါ် NSPNC ဥက္ကဋ္ဌကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ထပ်မံပေါ်ပေါက်လာလို့ ပဋိပက္ခဒေသတွေမှာ ပြည်သူလူထုက လက်မခံနိုင်တော့ဘဲ တည်ငြိမ်ရေးကို လိုလားခဲ့ကြတယ်လို့ ပြောပါတယ်။

တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချတာ၊ သဘာဝသယံဇာတတွေ တူးဖော်တာ နယ်စပ်ဖြတ်ကျော်မှုခင်းမျိုးစုံကို ကျူးလွန်တာနဲ့ တရားမဝင်လုပ်ငန်းတွေနဲ့ အဖွဲ့အစည်းရဲ့ ရပ်တည်ချက်အတွက် လုပ်ကိုင်နေကြတယ်လို့ ဝါဒဖြန့် စွပ်စွဲပါတယ်။

ဒီအပေါ် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ပေးစေလိုပြီး ပြည်သူတွေ ပူးပေါင်းပါဝင်လာအောင်လည်း ကူညီပေးတဲ့အနေနဲ့ တည်ငြိမ်အေးချမ်းမှု လျင်မြန်စွာ ရရှိနိုင်မယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က စည်းရုံးထားတာပါ။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က နေ့စဉ်ရက်ဆက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုနဲ့ အရပ်ဘက်အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးတာဟာ တရားဝင်မှုအတွက် အသုံးချနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဖွဲ့တွေဘက်ကနေကပြီးတော့ လူမှုကူညီရေးအတွက် ရိုးရိုးသားသား ပါဝင်နေတာဖြစ်ပေမယ့် ရပ်ရွာမှာ ငြိမ်းချမ်းရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါမယ်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေ ရှိပေမယ့် သူတို့ရဲ့ နာမည်တွေ သူတို့ရဲ့ အဖွဲ့တွေ တက်ရောက်မှုတွေကို စစ်အုပ်စုဘက်ကနေ ထောက်ခံချက်အဖြစ် အသုံးချပြီးတော့ သူတို့ရဲ့ တရားဝင်မှု Legitimacy ကို ယူမှာဖြစ်တယ်။ ဒါတွေက စိုးရိမ်စရာတော့ မဟုတ်ဘူး။ တကယ်တမ်း ဖြစ်နေတဲ့ ကိစ္စတွေ ဖြစ်တယ်”လို့ ဆိုပါတယ်။

စစ်အုပ်စုက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေမှုနဲ့ ဖိနှိပ်နေမှုတွေအပြင် စစ်ဘေးသင့်ပြည်သူတွေရဲ့ ပြန်လည်နေရာချထားရေးကိစ္စရပ်တွေကို လွတ်လပ်စွာ ပြောဆိုတင်ပြနိုင်လောက်တဲ့ အခြေအနေ ရှိ မရှိကိုလည်း သူက မေးခွန်းထုတ်ပါတယ်။

ဒါကြောင့် စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွင်း သတ်မှတ်ထားပြီးသား မူဝါဒတွေနဲ့ လူထုလက်ခံလာနိုင်အောင် စည်းရုံးပေးရုံပဲဆိုရင် လွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုတွေလို့ ပြောဆိုဖို့ သိပ်ခက်ခဲတယ်လို့ နိုင်အဲမွန်က ထောက်ပြပါတယ်။

စစ်အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်သူတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ ပိုမိုပါဝင်လာအောင် နိုင်ငံရေးပါတီများအစုအဖွဲ့ကို လိုအပ်တဲ့ ချိတ်ဆက်မှုနဲ့ ကြားဝင်စေ့စပ်ဖို့ လုပ်ဆောင်ထားသလို လက်ရှိမှာလည်း အရပ်ဘက်အဖွဲ့အစည်းတွေကနေတဆင့် လူထုကို စည်းရုံးနိုင်ဖို့ ကြိုးပမ်းလာတာပါ။

စစ်ကောင်စီလက်ထက်နဲ့ လက်ရှိ စစ်အစိုးရလက်ထက်တို့မှာ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ မူဝါဒ၊ မဟာဗျူဟာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေးတွေကို တွေ့ဆုံမှုအတွင်း ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ရဲ့ အနှစ်သာရနဲ့ အောင်မြင်မှုတွေအပေါ် အခြေခံတဲ့ ပိုမိုပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာမူဘောင်ကိုလည်း NSPNC အဖွဲ့ဝင်တွေက တင်ပြခဲ့ကြတာပါ။

တက်ရောက်လာသူတွေက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပိုမိုပါဝင် ခွင့်ပြုပေးသင့်ကြောင်းနဲ့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ကုန်သွယ်ရေးလမ်းကြောင်းတွေက အဓိကအရေးပါနေကြောင်းကိုလည်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူမှုရေးလုပ်ဆောင်ချက်နဲ့အတူ ပူးပေါင်းပါဝင်နိုင်ပြီး လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုတွေကို ပြည်သူတွေအားလုံး သိရှိအောင် လုပ်ဆောင်ပေးစေလိုတယ်လို့ ဆိုပါတယ်။

တစ်ဘက်မှာတော့ ငြိမ်းချမ်းရေးအတွက်ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ တန်ပြန်စစ်ဆင်ရေးတွေအတွင်း အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဗုံးကြဲမှုတွေနဲ့ပတ်သက်လို့ စစ်တပ်ဘက်က ကြည့်ရင် လက်ရှိ စစ်ဆင်ရေးတွေဟာ ငြိမ်းချမ်းရေးရရှိဖို့ လှမ်းနေတဲ့ ခြေလှမ်းတွေ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ NCA ၁၁ နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲအပြီးမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားထားတာပါ။

ဒီအခြေအနေမှာ ငြိမ်းချမ်းရေးကို ပြည်သူလူထုက ယုံကြည်ဖို့နဲ့ တည်ငြိမ်‌အေးချမ်းရေးအတွက် လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို လက်တွေ့သက်သေပြနိုင်ဖို့ အင်မတန် ခက်ခဲလွန်းတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ထောက်ပြကြပါတယ်။

အရပ်သားထိခိုက်မှု ရပ်တန့်ရေး၊ လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိရေး လွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုတွေ အဓိပ္ပာယ်ရှိရှိ ပါဝင်ရေးဟာ စစ်အုပ်စု ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို လုံးဝ ရပ်တန့်ဖို့ လိုအပ်နေတာပါ။

နိုင်အဲမွန်ကတော့ တိုင်းပြည်က အပျက်ဘက်ကို တဖြည်းဖြည်း ဦးတည်နေတာမို့ လက်တွေ့ကျတဲ့ ဖိနှိပ်ချိုးဖောက်မှုတွေကို ရပ်တန့်မှသာ ငြိမ်းချမ်းရေးကို သွားနိုင်ဖို့ လူထု ယုံကြည်မှု ရယူနိုင်မယ်လို့ သုံးသပ်ပါတယ်။

“အာဏာသိမ်းမှုနဲ့အတူ နိုင်ငံရေးပိတ်ပင်မှုတွေကြောင့် ဖြစ်လာတဲ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းတဲ့ကိစ္စတွေမှာလည်း သူတို့ ဘာမှ မလုပ်နိုင်ဘူး။ ဒီကြားထဲမှာ ယုံကြည်မှုတွေ အကုန်လျော့ရဲပြီးတော့ တိုင်းပြည်က တဖြည်းဖြည်းနဲ့ အပျက်ဘက်ကို နေ့တိုင်း ဦးတည်နေတာရှိတယ်။ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ လက်တွေ့ကျတဲ့ ဖိနှိပ်နှိပ်ကွပ်မှုတွေ ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ အင်မတန် လိုပါတယ်။ ပြီးမှတဆင့် ငြိမ်းချမ်းရေးဆိုတဲ့ ကိစ္စရပ်တွေကို သွားနိုင်ဖို့ လူထုယုံကြည်မှုတွေ ရယူနိုင်မှာ ဖြစ်တယ်”လို့ ဆိုပါတယ်။

NSPNC နဲ့ တွေ့ဆုံခဲ့ကြတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေထဲမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းအပါအဝင် ငြိမ်းချမ်းရေး၊ ဘာသာရေး၊ လူမျိုးရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်အရေး၊ လူငယ်အရေး၊ စီးပွားရေးအသင်းချုပ်တွေ၊ ဖောင်ဒေးရှင်းတွေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေလည်း ပါဝင်ခဲ့ကြတာပါ။

ဒီအတွက် စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းတွေနဲ့ ဆက်စပ် လုပ်ဆောင်ရေးအပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ အဖွဲ့အလိုက်ကျွမ်းကျင်မှုနဲ့အတူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းသွားကြဖို့ ဖြစ်ပါတယ်။

လူငယ်တွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေးအတွက် လိုအပ်တဲ့ စွမ်းရည်မြှင့်သင်တန်းတွေနဲ့ အားဖြည့်ကူညီပေးနိုင်ရေး၊ ဘာသာရေးအဖွဲ့အစည်းတွေအနေနဲ့လည်း ပဋိပက္ခတွေ ရပ်စဲပြီး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ တတ်နိုင်သလောက် လုပ်ဆောင်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် တိုင်းနဲ့ ပြည်နယ်တွေမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖိုရမ်တွေနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ပဋိပက္ခတွေကို လျှော့ချနိုင်စေဖို့ ဝိုင်းဝန်းကြိုးပမ်းသွားဖို့ကိုလည်း တက်ရောက်လာသူတွေက အကြုံပြုဆွေးနွေးခဲ့ကြတယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NSPNC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.