မကွေး နိုဝင်ဘာ ၁၁
မကွေးတိုင်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်းတာကြောင့် စပါးအထွက်နှုန်း နည်းနိုင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကနေ ၁၀ ရက်အထိ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် စပါးပင်တွေ လဲကျသွားတယ်လို့ သိရပါတယ်။
“မိုးက ဆက်တိုက်ရွာနေတာ သုံးရက်ရှိပြီ။ ဒီအတိုင်း ထပ်ရွာရင် ယောချောင်းတက်လာရင် ချောင်းဘေးက စပါးပင်တွေလည်း ရေနစ်နိုင်တယ်။” လို့ ဆိပ်ဖြူမြို့နယ် ယောချောင်းဘေးနေထိုင်သူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပွင့်ဖြူမြို့နယ်မှာလည်း စိုက်ပျိုးထားတဲ့ စပါးပင်တချို့ မိုးရေကြောင့် လဲကျသွားတဲ့အတွက် စပါးအထွက်နှုန်း လျော့ကျနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“အရင်က တစ်ရာထွက်တဲ့ လယ်က အခု အစိပ်(နှစ်ဆယ့်ငါးတင်း) လောက်ပဲထွက်နိုင်တော့မှာပေါ့။ တော်တော်များများ ပျက်လောက်ပါတယ်။” လို့ ပွင့်ဖြူဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အချိန်အခါ မဟုတ်မိုးရွာသွန်းတာကြောင့် တောင်ကျချောင်းရှိတဲ့ ကျေးရွာတွေနားက လယ်မြေဧကတွေလည်း ပျက်စီးနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပွင့်ဖြူမြို့နယ်မှာ မိုးစပါးစိုက်ပျိုးဧက ၇၀၀၃၃ ဧက လျာထားရာမှာ ၆၈၃၃၈ ဧကကို စက်တင်ဘာလမှာ စိုက်ပျိုးထားပြီးဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ သတင်းစာတွေက ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ မိုးလေဝသ နဲ့ဇလဗေဒဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရတော့ မကွေးတိုင်းအတွင်း ၃ ရက်ကနေ ၆ ရက်အထိ မိုးထစ်ချုန်း ရွာနိုင်တယ်လို့သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

