မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦးကို စစ်တပ် ဖမ်းဆီး

0
74

မော်လမြိုင် ၊ ဧပြီ ၁၀

မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌဟောင်း ဒေါက်တာ အောင်နိုင်ဦးကို ဒီကနေ့ ဧပြီ ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကျိုက်မရောမြိုနယ် ဂျိုင်းမြစ်ဒေသတွင်းရှိ ကော့သပ်၊ ကော့စွယ်ကျေးရွာဘက်က စစ်ရှောင်တွေကို ဒေါက်တာ အောင်နိုင်ဦးက လူသားချင်းစာနာမှုအကူအညီတွေ သွားရောက်ပို့ဆောင်ချိန် ဖမ်းဆီးခံရတာပါ။

“အတ္တရံ စက်မှုဇုန်ဘက်မှာ။အဓိက ကားကို လိုက်တာ၊ ကားနံပါတ်နဲ့ ဖမ်းတာ။ဦးဇင်းကားပေါ့၊ ထုံးစံအတိုင်းပေါ့။ ဒီကားရှိသမျှအကုန်သွားနေတာ ဆိုတော့ (တော်လှန်ရေးအဖွဲ့) ထောက်ပို့ပါဆိုပြီး အဲဒီပုံစံနဲ့ ဖမ်းတာ။ဦးဇင်း ဘုန်းကြီးအဖွဲ့ပဲ (ဖြေရှင်းဖို့) သွားနေတာ”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒေါက်တာ အောင်နိုင်ဦးနဲ့အတူ လိုက်ပါသွားသူတချို့ကိုလည်း အဆက်အသွယ်မရဖြစ်‌နေပြီး စစ်ကောင်စီဘက်က ပြန်လွှတ်ခြင်း မရှိသေးဘူးလို့ ဒေါက်တာ အောင်နိုင်ဦးနဲ့ နီးစပ်သူက ဆိုပါတယ်။

ကော့ဘိန်းရဲစခန်းအသိမ်းခံရပြီး‌နောက် မတ်၂၇ ရက်နေ့မှာ စစ်ကောင်စီက ဓမ္မသရွာကို ကြည်း ရေ လေ အမြောက်တွေနဲ့ တိုက်ခိုက်မှုကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပြီး အနီးအနားက ရွာတွေပါ ဒေသခံ ၆၀၀၀ ကျော် စစ်ဘေးသင့်ခဲ့ရတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီကနေ သိရပါတယ်။

အဲဒီ မီးဘေးသင့် စစ်ဘေးရှောင် ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ ဒေါက်တာ အောင်နိုင်ဦးက စစ်ရှောင်တွေဆီ စားနပ်ရိက္ခာထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ဒေါက်တာ အောင်နိုင်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ချောင်းဆုံမဲဆန္ဒနယ်က‌နေ သုံးကြိမ်ဆက် အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး NLD အစိုးရလက်ထက်မှာ ပြည်နယ်လွှတ်‌‌တော် ဒုတိယဥက္ကဌ ဖြစ်လာခဲ့သူပါ။

စစ်အာဏာသိမ်းချိန်မှာတော့ မွန်ညီညွှတ်ရေးပါတီ MUP  ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဒေါက်တာအောင်နိုင်ဦးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ  ပါတီကနေ နှုတ်ထွက်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – စစ်ရှောင်ပြည်သူတွေကို စာနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းတဲ့ ဒေါက်တာအောင်နိုင်ဦးနဲ့ အဖွဲ့အားလုံး တွေ့ရစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.