အပစ်ရပ်ဆွေးနွေးပွဲ စားပွဲဝိုင်းကို အစ္စရေးပြန်လာမယ်လို့ နေတန်ယာဟုပြော

0
36

ဂျေရုစလင်၊ မတ် ၃၁

ဟားမာ့စ်အဖွဲ့နဲ့ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲကို အစ္စရေးပြန်လာမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဘင်ဂမင် နေတန်ယာဟုက ပြောခဲ့ပါတယ်။

အစ္စရေး ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေး ဂါဇာမှာ ဟားမာစ့်အဖွဲ့ကို အစ္စရေးဘက်က တိုက်ခိုက်နေတာတွေ ရပ်တန့်ရေး သဘောတူညီမှုရယူဖို့ ထပ်ပြီး ကြိုးပမ်းတဲ့အနေနဲ့ သူက မတ် ၂၉ ရက်နေ့မှာ ကြေညာခဲ့တာပါ။

စစ်ပွဲ ၆ လတာကာလကို ဝင်ရောက်လာချိန်မှာ အပစ်ခတ်ရပ်စဲရေး အမေရိကန်၊ ကာတာနဲ့ အီဂျစ်တို့ရဲ့ ညှိနှိုင်းရေးကြိုးပမ်းမှုတွေ ရပ်တန့်နေပုံရတယ်လို့ သိရပါတယ်။

ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံထားရတဲ့ ထိပ်တန်းစစ်သွေးကြွတွေ အပါအဝင် ပါလက်စတိုင်း အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ပြန်လည်တည်ဆောက်ရေးနဲ့ အကူအညီတွေ ဝင်ရောက်နိုင်ဖို့ နယ်စပ်ကို ဖွင့်ပေးရေး၊ဂါဇာကနေ အစ္စရေးတပ်တွေ အပြည့်အဝပြန်လည် ဆုတ်ခွာရေး၊စစ်ပွဲအဆုံးသတ်ရေးအတွက် လက်ကျန် ဓားစာခံတွေကို အဆင့်လိုက်ပြန်လွှတ်ပေးရေး ဟားမာ့စ်အဖွဲ့က အဆိုပြုထားပါတယ်။

အဲဒီတောင်းဆိုချက်တွေဟာ လှည့်ဖြားတာဖြစ်ပြီး ဓားစာခံတွေ ပြန်လွှတ်လာပြီး နောက်မှာလည်း ဟားမာ့စ်အဖွဲ့ကို ချေမှုန်းရေး အစ္စရေးက ဆက်လက်တိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် က ပြောခဲ့ပါတယ်။

ဟားမာ့စ်အဖွဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံ ၁၀၀ လောက်ရှိနေသေးတယ်လို့ ယုံကြည်ရပြီး သူတို့ လက်ထဲမှာ သေဆုံးသွားတဲ့ ဓားစာခံ တချို့လည်းရှိနေတာပါ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလဆန်းပိုင်းက အစ္စရေးကို ဟားမာ့စ်အဖွဲ့ရဲ့ အမှတ်မထင် တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ သေဆုံးခဲ့ရပြီးနောက် စစ်ပွဲစတင်ခဲ့တာဖြစ်ပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသား ၃၂၀၀၀ ကျော်သေဆုံးထားပြီး ဒဏ်ရာရရှိသူ ၇၄၀၀၀ ရှိတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

သေဆုံးသူတွေထဲမှာ အရပ်သားနဲ့ တိုက်ခိုက်ရေးသမားတွေ ဘယ်လောက်ပါဝင်တယ်ဆိုတာကို တော့ ကျန်းမာရေးဌာနက ဖော်ပြထားတာမရှိပေမယ့် သုံးပုံနှစ်ပုံဟာ အမျိုးသမီးနဲ့ ကလေးငယ် တွေဖြစ်တယ်လို့ သိရပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.