အမေရိကန်ရဲ့အကူအညီမရရင် တပ်တွေ နောက်ဆုတ်ရတော့မယ်လို့ ယူကရိန်းသမ္မတ သတိပေး

0
36

ကိဗ်၊ မတ် ၃၁

လွှတ်တော်အတွင်းအငြင်းပွားမှုတွေကြောင့် ရောက်မလာနိုင်ဖြစ်နေတဲ့ အမေရိကန်ဆီက စစ်ရေး အကူအညီတွေ မရတော့ဘူးဆိုပါက မိမိတို့တပ်တွေ နည်းနည်းချင်းစီနောက်ဆုတ် ရလိမ့်မယ်လို့ ယူကရိန်း သမ္မတ ဇီလန်စကီးက ပြောခဲ့ပါတယ်။

အမေရိကန်ဆီက အကူအညီမပေးဘူးဆိုပါက လေကြောင်းကာကွယ်ရေး၊ Patriot ဒုံးကျည်တွေ၊ အီလက်ထရွန်းနစ်လိုင်းတားဆီးကာကွယ်ရေး ကိရိယာတွေ၊ ၁၅၅ မမ လက်နက်ကြီးကျည်တွေ ရှိမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်လို့ ဝါရှင်တန်ပို့စ်နဲ့ ပြုလုပ်တဲ့အင်တာဗျူးမှာ သူက ပြောခဲ့တာပါ။

ခဲယမ်းမီးကျောက်တွေ ပြတ်လပ်သွားပါက ယူကရိန်းတပ်တွေ ခုခံကာကွယ်နိုင်ဖို့ အခက်အခဲတွေ ရှိလာနိုင်မှာဖြစ်ပြီး ရုရှားတပ်တွေဟာ မြို့ကြီးတွေထဲထိဝင်ရောက်သိမ်းပိုက်နိုင်တယ်လို့ ဇီလန်စကီက ပြောခဲ့ပါတယ်။

စစ်ရေးနဲ့ ဘဏ္ဍာရေးအကူအညီပးမယ့် အစီအစဉ်ကို ရီပတ်ဘလစ်ကန် ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က လက်ခံအတည်ပြုဖို့ ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒန်က တိုက်တွန်းထားပေမယ့် လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က ပြည်တွင်းမှာ ဦးစားပေးရမယ့် ကိစ္စတွေကို အကြောင်းပြပြီး တားဆီးနေတာ လနဲ့ချီကြာနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို သဘောတူခွင့်ပြုရေးအတွက် အရေးကြီးတယ်လို့ ဇီလန်စကီးက မတ် ၂၈ ရက်နေ့က ဖုန်းနဲ့ဆက်သွယ်ပြီး ဂျွန်ဆင်ကို ပြောခဲ့သေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လက ယူကရိန်း အရှေ့ပိုင်းမြို့ အဒီဗကာကို ရုရှားတပ်တွေ သိမ်းယူခဲ့ပြီးနောက်ပိုင်း မြေပြင်မှာ အသာစီးရရှိမှု အနည်းငယ်ရှိပေမယ့် လပိုင်းအတွင်းအခြေအနေတွေ ပြောင်းလဲသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ယူကရိန်းမှာ ဒုံးကျည်တွေပြတ်လပ်နေသလို ပြည်တွင်းထုတ်လက်နက်တွေနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ အသုံးပြုနေပေမယ့် လုံလောက်မှုမရှိဘူးလို့ ဆိုနေကြပါတယ်။

ရုရှားတပ်တွေကတော့ စစ်ပွဲ ၂ နှစ်ကျော်အတွင်း စွမ်းအင်နဲ့ တခြားအခြေခံအဆောက်အအုံ တွေကို အရှိန်မြှင့်တိုက်ခိုက်နေတဲ့အတွက် ယူကရိန်းတပ်တွေ ရှေ့မတိုးနိုင်ဖြစ်နေတယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.