တီဟီရန်၊ စက်တင်ဘာ ၂၉

နာကျင်ရတဲ့ ထိုးနှုက်မှုတွေခံစားရပြီးနောက် အရှေ့အလယ်ပိုင်းကနေ အမေရိကန်ကို အင်အားသုံး မောင်းထုတ်ပစ်မှာ ဖြစ်ကြောင်း အီရန် ထိပ်တန်း ခေါင်းဆောင် မိုချ်တာဘာ ခါမေနီက စက်တင်ဘာ ၂၈ ရက်မှာ ပြောကြားကြောင်း နိုင်ငံပိုင် ရုပ်သံ မီဒီယာက ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ လကုန်ပိုင်းက အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း အများပြည်သူရှေ့ မမြင်တွေ့ခဲ့ရတဲ့ ခါမေနီက တိုက်ခိုက်မှုတွေ အဆုံးသတ်ရေး ရည်ရွယ်တဲ့ ဆွေးနွေးမှုတွေ ပြန်လည် စတင်ရေး ကြိုးပမ်းမှုတွေ ရှိနေပေမယ့် အခုလိုမျိုး ပြောကြားတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ကလည်း အီရန်အနေနဲ့ မကြာခင် သဘောတူညီမှု တစ်ရပ် မရယူရင် အမြစ်ဖြတ် ချေမှုန်းပစ်မယ်လို့ ခြိမ်းခြောက်ထား ပါတယ်။

ခါမေနီက ရန်သူတွေကို အရှေ့အလယ်ပိုင်း ဒေသကနေ အင်အားသုံး မောင်းထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပေမယ့် အမေရိကန်နိုင်ငံ အမည်ကိုတော့ ထည့်သွင်း ပြောဆိုထားတာ မရှိပါဘူး။

အန္တရာယ်ကို ဂရုမစိုက်ဘဲ အရဲစွန့်ခဲ့မယ်ဆိုရင် သူတို့အပေါ်ကိုပဲ အန္တရာယ်တွေ ကျရောက်လာမှာ ဖြစ်ကြောင်း အီရန်ခေါင်းဆောင်က ဆိုတာပါ။

အာရေဘီယန် ကျွန်းဆွယ်ကနေ အရှေ့ဖက် အိန္ဒိယအထိ ရှည်လျားတဲ့ အာရေဘီယံ ပင်လယ်ဟာ အီရန် ကမ်းရိုးတန်းတွေနဲ့ ဟောမု့ဇ် ရေလက်ကြားဆီ ဦးတည်နေတဲ့ အရေးပါတဲ့ ရေကြောင်းလမ်း ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီလကုန်ပိုင်းမှာ အီရန်ကို စတင် တိုက်ခိုက်ခဲ့ပြီး အရှေ့အလယ်ပိုင်း စစ်ပွဲ စတင်ပြီးနောက်ပိုင်း ဟောမု့ဇ် ရေလက်ကြားကိုထိန်းချုပ်ရေး အီရန်နဲ့ အမေရိကန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

စစ်ပွဲ မစခင်က အဲဒီ ရေလမ်းကြောင်းကနေ ကမ္ဘာကြီးအတွက် လိုအပ်နေတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ငါးပုံတစ်ပုံ ဖြတ်သန်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ပွဲ စတင်ပြီးနောက်မှာ ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်တာကြောင့် ဝါရှင်တန်က အီရန် ဆိပ်ကမ်းတွေကို ရေတပ်နဲ့ ပိတ်ဆို့ပြီး တုံ့ပြန်ခဲ့ပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေးအတွက် သတ်မှတ်ချက်တွေကို အမေရိကန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို စက်တင်ဘာ ၂၈ ရက်မှာ အဆိုပြုခဲ့ပေမယ့် အသေးစိတ် မသိရသေူပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ပေးရေး ၇ ရက်ကြာ အပစ်ရပ်ဖို့ အီရန်ရဲ့ အဆိုပြုမှုကို ပယ်ချခဲ့ပါတယ်။

အီရန်က အဲဒီ အစီအစဉ်ကို နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြခဲ့တာ ဖြစ်ပြီး ကာတာ အာဏာပိုင်တွေကတဆင့် အမေရိကန်ထံ တင်ပြခဲ့တာပါ။

အီရန်က ဆိုးဆိုးရွားရွား ရှုံးနိမ့်နေတာကြောင့် ဟောမု့ဇ် ရေလက်ကြား ချက်ချင်း ပြန်ဖွင့်ပေးဖို့ သဘောတူညီချက် တစ်ရပ် ရယူလိုနေတာ ဖြစ်ကြောင်းနဲ့ မိမိတို့ ကြီးကြီးမားမား အနိုင်ရနေပြီလို့ ထရန့်က ပြောထားပါတယ်။

ဒါပေမဲ့ အီရန်နဲ့ ဆွေးနွေးမှုတွေကို အခု သီတင်းပတ်အတွင်း ပြန်စနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောဆိုထားပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.