ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၉
မလေးရှား အစိုးရက ရိုဟင်ဂျာ ဒုက္ခသည် ၁၅၀၀ ခန့်ကို မြန်မာနိုင်ငံဆီ ပို့ဆောင်ရေး စီမံကိန်း စတင်လိုက်ပြီး စက်တင်ဘာ ၂၉ ရက်က ပထမအသုတ်ကို စတင် ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။
လူ့အခွင့်အရေး အဖွဲ့တွေက ဒုက္ခသည်တွေကို မြန်မာနိုင်ငံသို့ ပြန်ပို့ရင် ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ် ကြီးမားနိုင်တဲ့အတွက် ပြန်မပို့ဖို့ တိုက်တွန်းထားချိန်မှာ မလေးရှား အစိုးရက အခုလို လုပ်ဆောင်တာပါ။
မလေးရှား လူဝင်မှုကြီးကြပ်ရေးစင်တာတွေမှာ ထိန်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေက သူတို့ သဘောနဲ့ မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ပြောထားတယ်လို့ မလေးရှား အရာရှိတွေက ပြောထားပြီး ပထမအသုတ် ၅၀၀၀ ကို စတင် ပို့ဆောင်တာ ဖြစ်ပါတယ်။
မလေးရှား အနောက်မြောက်ပိုင်း လူမွတ် ရေတပ် အခြေစိုက်စခန်း အနီးရှိ ဘောလုံးကွင်း တစ်ခုမှာ ဒုက္ခသည်တွေကို စုစည်းထားပြီး မလေးရှား အရာရှိတွေက ပြန်လည် ပို့ဆောင်ရေး အစီအစဉ် စတင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အဲဒီအခြေအနေနဲ့ပတ်သက်လို့ သတင်းထောက်တွေကို ကွင်းဆင်း သတင်းယူခွင့် မပြုဘူးလို့လည်း သိရပါတယ်။
ဘောလုံးကွင်းမှာ စုစည်းထားတဲ့ ဒုက္ခသည်တွေကို အနီးအနားရှိ ရေတပ် အခြေစိုက် စခန်းသို့ ပြောင်းရွှေ့ပြီးနောက် သင်္ဘောနဲ့ မြန်မာနိုင်ငံသို့ ပို့ဆောင်ဖို့ မလေးရှား အာဏာပိုင်တွေက စီစဉ်နေတာပါ။
မြန်မာနိုင်ငံဆီ ပထမအသုတ် ပို့ဆောင်မယ့် အုပ်စုထဲမှာ လူဘယ်နှစ်ယောက် ပါသလဲဆိုတာ စက်တင်ဘာ ၂၉ ရက်အထိ မသိရဘဲ မလေးရှား အာဏာပိုင်တွေကလည်း အရေအတွက် အတိအကျကို ဖော်ပြမထားပါဘူး။
ဒါပေမဲ့ ဖိနှိပ်ခံ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်ရဖို့ ကြိုးပမ်းနေသူတွေဟာ မလေးရှားနိုင်ငံမှာ ၁ သိန်း ၉ သောင်းကျော်ရှိနေပြီး အခု ပြန်ပို့ဖို့ စီစဉ်တာက သုံးပုံ နှစ်ပုံ လောက်ပဲ ရှိတယ်လို့ ကုလသမဂ္ဂက ဖော်ပြပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် ၅၀၀၀ ကို ပြန်လည် လက်ခံဖို့ မြန်မာ အာဏာပိုင်တွေက သဘောတူထားကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်က ဇူလိုင်လအတွင်း ကြေညာခဲ့ပါတယ်။
မလေးရှား မြို့တော် ကွာလာလမ်ပူရှိ ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီရုံး အပြင်ဖက်မှာ စုဝေး ဆန္ဒပြခဲ့ကြတဲ့ ရိုဟင်ဂျာ ၁၀၀ ကျော်ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီးနောက် ပြန်လည် ပို့ဆောင်ရေး အစီအစဉ်ကို ကြေညာတာ ဖြစ်ပါတယ်။
မြန်မာ အာဏာပိုင်တွေက သူတို့ နိုင်ငံဆီက ထွက်ပြေးသွားတဲ့ နိုင်ငံသားတွေကို ဘေးကင်းစွာ ဂုဏ်သရေ ရှိရှိ ပြန်လည် ခေါ်ဆောင်ပေးဖို့ အခုလ စောစောပိုင်းက ကတိပြုခဲ့ပါတယ်။
အာဏာသိမ်းပြီး သမ္မတ ရာထူး ရယူထားတဲ့ မင်းအောင်လှိုင်ကို ဒုက္ခသည် ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို ကူညီပေးရေး မလေးရှားသို့ တရားဝင် ခရီးစဉ် လာရောက်ဖို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါကလည်း ဖိတ်ခေါ်ထားပါတယ်။
အရှေ့တောင်အာရှမှာ ဒုက္ခသည် ဦးရေ အများဆုံး လက်ခံထားတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တဲ့ မလေးရှားဟာ ၁၉၅၁ ဒုက္ခသည်ဆိုင်ရာ သဘောတူညီမှုကိုလက်မှတ် ရေးထိုးထားတဲ့ နိုင်ငံ မဟုတ်တာကြောင့် ဒုက္ခသည်ဖြစ်မှုကို တရားဝင် အသိအမှတ် ပြုထားတာ မရှိပါဘူး။
Ref:AFP

