ထားဝယ်၊ စက်တင်ဘာ ၂၉
တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းမှာ ဖြစ်ပွားနေတဲ့ ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၂၃ ဦးအထိ ရှိလာပြီး အိမ်ခြေ ၂၀၀ ထက်မနည်း ပျက်စီးထားတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် TNF ထံက သိရပါတယ်။
ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းအထိ စာရင်းတွေအရ ရေကြီးမြေပြိုမှုကြောင့် လောင်းလုံးမြို့နယ်မှာ ၁၅ ဦး၊ ထားဝယ်မြို့နယ်မှာ နှစ်ဦးနဲ့ သရက်ချောင်းမြို့နယ်မှာ ခြောက်ဦး သေဆုံးထားပါတယ်။
သေဆုံးသူ အများစုဟာ တောင်မြေပြိုမှုကြောင့် နေအိမ်တွေနဲ့အတူ မြေပိသေဆုံးတာ၊ သစ်ပင်တွေ ပြိုလှဲပြီး ပိမိသေဆုံးတာ၊ ရေစီးကြောင့် မျောပါ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် TNF ပြန်ကြာရေးဌာနက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရေကြီးမြေပြိုမှုကြောင့် လတ်တလော အလောင်းတူးဖော်ရရှိမှုအရ လောင်းလုံးမြို့နယ် ကဒက်ငယ်ထိန်၊ ညောပြင်၊ ကဒက်ကြီး၊ မင်းရပ်၊ သဗျာနဲ့တောကျဲကျေးရွာ၊ သရက်ချောင်းမြို့နယ် စော်ဖျား၊ ကညင်ချောင်းကျေးရွာ၊ ထားဝယ်မြို့နယ် ပျားသာချောင်းကျေးရွာနေသူတွေ ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေကြီးမြေပြိုမှုကြောင့် လောင်းလုံးမြို့နယ်က နေအိမ် ၁၈၀ ကျော်နဲ့ သရက်ချောင်းမြို့နယ်က နေအိမ် ၂၀ ထက်မနည်း ပျက်စီးထားပြီး လမ်းတံတား ၁၀ ခုထက်မနည်း ပျက်စီးထားကာ တစ်ရွာနဲ့တစ်ရွာ သွားလာရခက်ခဲနေတယ်လို့ ဆိုပါတယ်။
တောင်မြေပြိုမှုကြောင့် မြေစာပုံတွေအောက်မှာ နေအိမ်တွေနဲ့အတူ လူဦးရေ ၄၀ ကျော် ပျောက်ဆုံးနေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ စက်ယန္တရားကြီးတွေ ဆက်လက်လိုအပ်နေတယ်လို့ ဆိုပါတယ်။
ထားဝယ်ဒေသ ရေကြီးမြေပြိုမှုကို အာဏာသိမ်း စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ အကူအညီတွေ လက်ရှိအချိန်ထိ ရောက်မလာသေးဘူးလို့ သဘာဝဘေးဒဏ်သင့်ပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ထားဝယ်ဒေသ ရေကြီးမြေပြိုမှုကြောင့် လူပေါင်း သောင်းနဲ့ချီ အရေးပေါ် အကူအညီတွေ လိုအပ်နေပြီး ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေကလည်း တိုင်းနဲ့ပြည်နယ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကို အကူအညီ တောင်းခံထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

