လောင်းလုံး၊ စက်တင်ဘာ ၃၀
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားနေတဲ့ လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စုကို စစ်တပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဒေသခံတွေ စိုးရိမ်ပြီး ထွက်ပြေး နေကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ အာဏာသိမ်း စစ်တပ် စစ်ကြောင်းဟာ စက်တင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းကစလို့ လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းမှတဆင့် ကျောက်ဆင်ကျေးရွာဘက်ကို သဘာဝဘေးအန္တရာယ် ကူညီဖို့အတွက်ဆိုပြီး စစ်ကြောင်း ဝင်ခဲ့တာ ဖြစ်ပါတယ်။
မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ အဲဒီစစ်ကြောင်းဟာ မြေပြိုမှု ဖြစ်ပွားနေတဲ့ ကရင်ကြီးကျေးရွာတွေကို မသွားဘဲ ကျောက်ဆင် ကျေးရွာအတွင်းမှာသာ တပ်စွဲ နေထိုင်နေတယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ တပ်စွဲနေထိုင်မှုကြောင့် ကျောက်ဆင်ကျေးရွာက လူငယ်၊ လူလတ်ပိုင်း အမျိုးသားတွေဟာ ပေါ်တာဆွဲ ဖမ်းဆီးခံရမှာကို စိုးရိမ်တာကြောင့် ကြိုတင်တိမ်းရှောင်နကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တနင်္သာရီတိုင်းရဲ့ထားဝယ်ခရိုင်မြို့နယ်တွေဖြစ်တဲ့ လောင်းလုံး၊ သရက်ချောင်းနဲ့ထားဝယ်မြို့နယ်တို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကစလို့ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားနေပါတယ်။
အဲဒီထဲမှာ လောင်းလုံးမြို့နယ်ဟာ ရေကြီးမြေပြိုမှု ဘေးအန္တရာယ်ကို အဆိုးဝါးဆုံး ခံစားနေရပြီး လူပေါင်း သောင်းနဲ့ချီ အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းအထိ သံလွင်တိုင်းမ်က ရရှိထားတဲ့ အချက်အလက်တွေအရ ထားဝယ်ခရိုင်အတွင်း ရေကြီးမြေပြိုမှုကြောင့် လူပေါင်း ၂၃ ဦးထက်မနည်း သေဆုံးထားပြီး ပျောက်ဆုံးနေသူ ၄၀ ထက်မနည်းရှိကာ နေအိမ် ၂၀၀ ကျော် ပျက်စီးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

