မော်လမြိုင် ၊ စက်တင်ဘာ ၃၀

မွန်ပြည်နယ်မှာ အခုနှစ်အတွင်း ဖြစ်ပွားထားတဲ့ ခိုးမှုတွေထဲမှာ ကျူးလွန်သူ ရာခိုင်နှုန်းထက်ဝက်ကျော် ဖမ်းမမိသေးဘူးလို့ စစ်အစိုးရခန့် မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်ရဲ့ လွှတ်တော်အတွင်း ဖြေကြားချက်အရ သိရပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့က ပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကျိုက်မရောမြို့နယ် အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က မွန်ပြည်နယ်အတွင်းမှာ ခိုးဆိုးလုယက်မှု ပပျောက်ရေး စီမံဆောင်ရွက်မှုအပေါ် မေးခွန်းမေးမြန်းခဲ့တာပါ။

ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာ ၁၈ ရက်နေ့အထိ ၉လအတွင်း မွန်ပြည်နယ်မှာ ခိုးမှုပေါင်း ၆၃ မှု ဖြစ်ပွားခဲ့ပြီး အဲဒီထဲမှာ အမှု ၂၉ မှုအတွက် တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီး ကျော်စွာမြင့်ရဲ့ ဖြေကြားချက်အရ မွန်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ခိုးမှုတွေထဲမှာ ရာခိုင်နှုန်းအနေနဲ့ ၄၆ ရာခိုင်နှုန်းကျော်သာ ဖမ်းဆီးရမိတဲ့ အခြေအနေ ဖြစ်ပါတယ်။

ခိုးမှုတွေထဲမှာ ဆိုင်ကယ်ခိုးမှု ၁၆ မှု ဖြစ်ပွားခဲ့ပြီး အဲဒီထဲမှာ အမှု ၉ မှုအတွက် တရားခံတွေ ဖမ်းမိပြီး တရားစွဲတင်နိုင်ခဲ့ပေမယ့် ကျန်တဲ့ဆိုင်ကယ်ခိုးမှု ၇ မှုကိုတော့ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။

မွန်ဒေသခံ တစ်ဦး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းလို့ မမိတာဟာ တရားဥပဒေ စိုးမိုးမှု မရှိတာကြောင့် ဖြစ်ပြီး ပြည်သူတွေကလည်း အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ ကာလမှာ မပူးပေါင်းရတာကြောင့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တရားဥပဒေ စိုးမိုးမှု မရှိတာပေါ့ဗျာ။အဓိက ကတော့ အရင်လိုမျိုးပေါ့ဗျာ ဒီအစိုးရ လုပ်ငန်းတွေကို ပြည်သူ ပူးပေါင်း ပါဝင်မှု မရှိလို့ တရားခံ မမိတာပေါ့။တော်တော်များများ အရင်းတုန်းက ဆိုရင်တော့ ပြည်သူတွေက ဝိုင်းဝန်းပူးပေါင်းတော့ ရဲလုပ်ငန်းက အောင်မြင်တယ်။အခုက ပြည်သူတွေကလည်း အကြောက်တရားတွေနဲ့ ဖြစ်နေတော့ သတင်းတွေ မရဘူး။ မရတော့ ဖမ်းလို့ မမိဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် ဆိုင်ကယ်ခိုးမှု ဖြစ်ပွားပါက သက်ဆိုင်ရာ နယ်မြေ ရဲစခန်းမှာ အမှုဖွင့်ရင် ဆိုင်ကယ် ပြန်ရတာ မရတာ မသေချာပေမယ့် အမှုဖွင့်တဲ့အတွက် ငွေကြေး ပေးဆောင်ရတာ ရှိတာကြောင့် ဆိုင်ကယ်အပြင် ငွေကြေးပါ ပိုကုန်ကာ တချို့တွေ အနေနဲ့ မတိုင်ကြားဘဲ ဒီတိုင်းနေတဲ့သူတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဗိုလ်မှူးကြီး ကျော်စွာမြင့်ကတော့ တရားခံ မပေါ်တဲ့ ခိုးမှုတွေနဲ့ ပတ်သက်ပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် တွန်းအားပေး ဆောင်ရွက်နိုင်ဖို့ အမှု ဖြစ်ပွားတဲ့ ရဲစခန်းတွေက နယ်ထိန်းခေါင်းဆောင် တပ်ဖွဲ့ဝင်တွေကို အပတ်စဉ် အမှုကိစ္စနဲ့ ပတ်သက်ပြီး တင်ပြစေကာ ကြပ်မတ်နေတယ်လို့ ဆိုပါတယ်။

ခိုးမှုနဲ့ ပတ်သက်ပြီး ခရိုင်၊ မြို့နယ်အလိုက် ခိုးမှု ပပျောက်ရေး အစီအမံတွေ ရေးဆွဲ ဆောင်ရွက်စေခဲ့သလို အစီအမံပါ အတိုင်း ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက် ကြပ်မတ်လျက် ရှိတယ်လို့ လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.