နေပြည်တော် ၊ စက်တင်ဘာ ၃၀

တိုင်းရင်းသားတပ်တွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့ စစ်တပ်က အရေးမလှဖြစ်နေပေမယ့် လာမယ့် ပွင့်လင်းရာသီမှာ ပြင်းထန်တဲ့ ထိုးစစ်တွေ လုပ်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်နိုင်ငံလုံးနီးပါးအနှံ့ စစ်မျက်နှာဖွင့်ထားရတဲ့ စစ်တပ်က အပိုင်းလိုက်ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း အာဏာသိမ်းမှုအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ရေးအရ ကြိုးပမ်းလာနေတာပါ။

လောဆယ်မှာ စစ်တပ်ဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်စာပို့ထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ထိန်းချုပ်နယ်မြေတွေကို စစ်သင်္ဘောတွေ အပါအဝင် မြေပြင်ဝေဟင်ပေါင်းစပ်အားနဲ့ ထိုးစစ်ဆင်ဖို့ လုပ်ဆောင်နေပေမယ့် တိုးမပေါက်ခဲ့ပါဘူး။

ရခိုင်စစ်မျက်နှာမှာလည်း ပြည်နယ်တစ်ခုလုံးရှိ မြို့နယ် သုံးခုကိုသာ လက်ဝယ်ကျန်ရှိနေသေးတဲ့ စစ်တပ်က စက်တင်ဘာလဆန်းကစပြီး ၄၉၂၆ စစ်ဆင်ရေးအမည်နဲ့ အာရက္ခတပ်‌တော် AA ထိန်းချုပ်နယ်မြေတွေကို ကြည်း၊ရေ၊လေနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ရဲ့ အသိပေးထုတ်ပြန်ချက်အရ စစ်တပ်နဲ့ AA တို့ကြား အနည်းဆုံး စစ်မျက်နှာ ၇ ခုမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အချို့စစ်မျက်မှာပြင်တွေမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ရှိနေဆဲလို့ သိရပါတယ်။

စက်တင်ဘာ ၄ ရက်နေ့ကစပြီး စစ်တပ်က ရခိုင်ပြည်နယ်ရှိ စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ် လေးနေရာကနေ ထိုးစစ်ကြီး ဆင်နွှဲခဲ့ပေမယ့် အခုချိန်မှာ တပ်လန်ကာ မြေပြင်ထိုးစစ်တွေမှာ ထိခိုက်ကျဆုံးမှုတွေနဲ့အတူ စစ်မျက်နှာသစ်မှာလည်း ထပ်မံရှုံးနိမ့်ပြီး စစ်ရှုံးတပ်အဖြစ် ရောက်ရှိနေတယ်လို့ AA က ဆိုပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က ပွင့်လင်းရာသီမှာ စစ်တပ်က အခြား စစ်မျက်နှာတွေကို လျှော့ချပြီး ရခိုင်နဲ့ ဆက်စပ်နယ်မြေတွေမှာ ထိုးစစ်တွေ ပြင်းထန်လာမှာမို့ ကန့်သတ်စစ်ပွဲပုံစံ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အခြားစစ်မျက်နှာတွေကို လျှော့ချလာမယ့် အနေအထားမျိုးပဲ။ KIA မှာလည်း ထိုးစစ်ဆင်တယ်ဆိုပေမယ့် ဗန်းမော်၊ မံစီ ပြီးရင် ဖားကန့် ပြီးရင် ခေါင်လန်ဖူးနယ်မြေ။ အဲဒီလိုမျိုးပဲ ကန့်သတ်စစ်ပွဲပုံစံမျိုးနဲ့ပဲ ဆက်သွားတော့မယ့် အနေအထားမျိုးပဲ။ ဒါထက် ပိုပြီးတော့ စစ်မျက်နှာတွေ ကျယ်လာနိုင်စရာမရှိသလို စစ်တပ်ဘက်ကလည်း အဲဒီဘက်ကို အယောင်ပြတိုက်စစ်ပုံစံမျိုးနဲ့ပဲ ဖိထားမယ်။ ဘာလို့လဲဆိုတော့ စစ်တပ်ဘက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကမ်းလှမ်းထားတဲ့ ဒေသဖြစ်လို့ပေါ့နော်”လို့ ဆိုပါတယ်။

ဒါကြောင့် ချင်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ကြီးကြီးမားမား ဖြစ်လာနိုင်စရာမရှိသလို KNU ထိန်းချုပ်နယ်မြေ ဖာပွန်ဒေသနဲ့ ဖလူး ၊ မင်းလက်မံဒေသက တိုက်ပွဲတွေသာ ပြီးသွားရင် စစ်ဆင်ရေးတွေ ရှိလာနိုင်မှာ မဟုတ်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်းထားတဲ့ စစ်အစိုးရက နိုင်ငံတကာရဲ့ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှုကို မရရှိသေးသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖယ်ကျဉ်ထားတဲ့ ငြိမ်းချမ်းရေးကလည်း အလုပ်မဖြစ်လှပါဘူး။

အထူးသဖြင့် စစ်တပ်ရဲ့ စိုးမိုးနယ်မြေများစွာကို ထိန်းချုပ်ထားနိုင်တဲ့ အာရက္ခတပ်တော် AA နဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ဟာ စစ်အစိုးရရဲ့ တံခါးဖွင့်ထားဆဲဖြစ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ခြေဦးတောင် မလှည့်ခဲ့ကြပါဘူး။

ဒါ့အပြင် NCA ထိုးပြီး ကျောခိုင်းထားကြတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ကလည်း ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် ရောက်ရှိမလာနိုင်ကြဘဲ လက်နက်ကိုင်တော်လှန်ရေးမှာ ဆက်လက် ပါဝင်နေကြတာပါ။

မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေဟာ မြန်မာ့အကျပ်အတည်းဖြေရှင်းတဲ့အခါ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ရင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့အတူ တပ်ပေါင်းစုအသွင် ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ရဲ့ ဘုံသဘောတူညီချက်နဲ့ ရပ်တည်နေကြတာ ဖြစ်ပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက စစ်တပ်ရဲ့ ပင်မထိုးစစ်ဟာ ရခိုင်ဖြစ်ပြီး NUG နဲ့ မဟာမိတ်တိုင်းရင်းသားနယ်မြေတချို့ကိုလည်း စစ်ရေးအရ ဖိအားပေးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“စစ်တပ်ရဲ့ ပွင့်လင်းရာသီ အဓိက ပင်မထိုးစစ်က ရခိုင်ပြည်ပတ်လည်ဖြစ်မယ်။ နောက်တစ်ခုက NUG နဲ့ PDF တွေကို ဆက်လက်ဝိုင်းပတ်ချေမှုန်းနိုင်ဖို့ သူတို့ လုပ်ဆောင်လာနိုင်တယ်။ နောက်တစ်ခုကတော့ KIA နဲ့ KNU ကလည်း သူတို့ (စစ်တပ်) ထိုးစစ်လုပ်ဆောင်လာနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ကျွန်တော်တို့ ယူဆတယ်။ တစ်ဘက်မှာတော့ KIA တို့ KNU တို့ကို ငြိမ်းချမ်းရေးရော စစ်ရေးဖိအားရော နှစ်ခုစလုံး ဒွန်တွဲလုပ်‌ဆောင်လာနိုင်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်ဗျ”လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ဦးတည်ပစ်မှတ်ဖြစ်တဲ့ ရခိုင်ပြည်နယ်ကို စစ်မျက်နှာအစုံကနေ ထိုးစစ်ဆင်နိုင်ဖို့ လောဆယ်မှာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ယောဒေသ ဆောမြို့နယ်နဲ့ လောင်းရှည်မြို့နယ်တွေမှာ အင်အားအလုံးအရင်း ပို့ဆောင်နေတာရှိတယ်လို့ သူက ထောက်ပြပါတယ်။

AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်ကလည်း လက်ရှိ စစ်တပ်ရဲ့ ထိုးစစ်ဆင်နေတဲ့ ရခိုင်နဲ့ ဆက်စပ်ဒေသတွေအတွင်း မိုးအကုန်ဆောင်းအကူးမှာ စစ်အင်အား နှစ်ဆကနေ သုံးဆအထိ တိုးမြှင့်လာနိုင်ပြီး ကြည်း၊ရေ၊လေ စစ်ကြောင်းတွေကို တစ်ပြိုင်နက်တည်း အသုံးပြုလာနိုင်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း တို့အပါအဝင် ရခိုင်နဲ့ ဆက်စပ်ဒေသတွေဖြစ်တဲ့ ဧရာဝတီ၊ ပဲခူး၊ မကွေးနဲ့ ချင်းတို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ စက်တင်ဘာ ၂၇ ရက်က ထုတ်ဝေခဲ့တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ရဲ့ စာစောင်မှာ သူက စစ်ရေးအခြေအနေတွေကို အသိပေးခဲ့တာပါ။

နောက်တစ်ရက်မှာတော့ မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာ ရေကြီးမြေပြိုမှုကြောင့် လူဆယ်ချီသေဆုံးမှုနဲ့ ပျောက်ဆုံးမှုတွေ ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီးက AA ထိန်းချုပ်ထားတဲ့ အနောက်ပိုင်းဒေသ ရခိုင်ပြည်နယ်ကို ဗုံးကြဲခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက် နေ့လယ်ဝန်းကျင်မှာ ကျောက်တော်မြို့က အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ အယောက် ၅၀ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ၆၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ AA က စက်တင်ဘာ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာပါ။

အလားတူ တစ်ရက်တည်းမှာပဲ မင်းပြားမြို့နယ် စွန်ရဲကျေးရွာနဲ့ သံတွဲမြို့နယ်၊ ငပလီကမ်းခြေကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သလို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အင်းလည်ကြီးကျေရွာကိုလည်း တိုက်ပွဲမရှိဘဲ ဗုံးကြဲခဲ့မှုကြောင့် ကလေးသူငယ် နှစ်ဦးအပါအဝင် အရပ်သား လေးဦး သေဆုံးခဲ့ရပါသေးတယ်။

ဒီလိုအခြေအနေမှာ အခုနှစ် ပွင့်လင်းရာသီမှာလည်း စစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုများလာနိုင်တယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန် သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အထူးသဖြင့် ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးတွေကို တစ်ပြိုင်တည်း အသုံးပြုလာမယ်ဆိုလို့ရှိရင်တော့ အရပ်သားတွေ ထွက်ပြေးတဲ့ နှုန်းတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ နှုန်းတွေ လုံခြုံရေးလမ်းကြောင်းတွေ ပိုပြီးတော့ ကျဉ်းလာမယ်၊ ဘေးအန္တရာယ်တွေ ပိုများလာမယ်လို့ တွက်ဆတယ်။တစ်ဖက်တည်းမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနိုင်သလို နောက်တစ်ဖက်မှာ မြေပြင်စစ်ကြောင်းတွေ စစ်ဆင်ရေးဂိတ်တွေ နောက်တခါ ဖမ်းဆီးမှုတွေ ရှိတဲ့အတွက် အရပ်သားတွေ ဘယ်ကို ရမလဲဆိုတဲ့ အနေအထားက ပိုပြီးတော့ ဆိုးဆိုးရွားရွားဖြစ်လာနိုင်တဲ့ အခြေအနေဖြစ်မှာပါ”လို့ ဆိုပါတယ်။

တစ်ဘက်မှာ စစ်အစိုးရက ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးအတွက် စစ်ရေးနဲ့ ဖိအားပေးပြီး လေကြောင်းတိုက်ခိုက်မှုတွေ ၂ ဆ တိုးမြှင့်ဖို့နဲ့ ပြင်းထန်တဲ့ ထိုးစစ်တွေ လုပ်ဖို့ ကိုယ်တိုင်ခန့် သမ္မတက တပ်ချုပ်သစ်ကို ညွှန်ကြာထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်‌ပေါ်နေတာပါ။

စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က သူ တာဝန်ယူတဲ့ ၅ နှစ်အတွင်း ငြိမ်းချမ်းရေးရအောင် ကြိုးစားဖို့ လုပ်ထားတာ အောင်မြင်မယ်လို့ ယုံကြည်ကြောင်း ကမ္ဘာကျော် TIME မဂ္ဂဇင်းနဲ့ အင်တာဗျုးမှာ ဖြေကြားခဲ့ပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ စစ်အစိုးရဖော်ဆောင်တဲ့ ငြိမ်းချမ်းရေးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးထားချက်တွေကို ကျော်လွန်လို့ မရသလို မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဗျူဟာဖြစ်နေတယ်လို့ သုံးသပ်ထားကြတာပါ။

အာရက္ခတပ်တော် AA ကတော့ ကျောက်တော်ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမိန့်ပေးသူ၊ တိုက်ခိုက်သူတွေနဲ့၊ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံးကို အထူးမှတ်တမ်းတင်ထားပြီး ထိုက်တန်တဲ့ တုံ့ပြန်မှုမျိုးကို မနှေးမကြာအချိန်အတွင်း လက်တုံ့ပြန်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.