ဓမ္မသရွာဖြစ်စဉ်ဟာ မွန်လူထုအပေါ် စစ်ကောင်စီ အကြမ်းဖက်မှုကျူးလွန်တာလို့ မွန်ပြည်သစ် AD ပြော

0
47

ကျိုက်မရော၊ မတ် ၃၁

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက် ခိုက်မှုဟာ မွန်လူထုတစ်ရပ်လုံးအပေါ် စစ်ကောင်စီ အကြမ်းဖက်မှုကျူးလွန်တာလို့ မွန်ပြည်သစ် AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောပါတယ်။

ကော့ဘိန်းရဲစခန်းသိမ်းပိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့ကစလို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဓမ္မသကျေးရွာကို ကြည်း၊ရေ၊လေ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် နေအိမ် ၄၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဓမ္မသ၊ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ကျိုက်၊ ကော့ဝမ်း၊ ကော့ဒွန်း၊ကော့ပနော၊ အံဂစင်နဲ့အနီးအနားကျေးရွာတွေက ဒေသခံ ၆၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

အခုလို အပြစ်မဲ့အရပ်သားပြည်သူလူထုတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်ရဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ မွန်ပြည်သစ်ပါ တီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD က ပြောပါတယ်။

မွန်ပြည်သစ် AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က “ ကျွန်တော်တို့ လက်ရှိအခြေအနေမှာ စစ်ကောင်စီက လူထုအပေါ်မှာ၊ မွန်လူထုတစ်ရပ်လုံးအပေါ်မှာ အကြမ်းဖက်လုပ်ငန်းတွေနဲ့ အနိုင်ကျင့်နေတာ၊ ဖိနှိပ်နေတာ ရှိတယ်။ ကျိုက်မရော ဓမ္မသရွာတစ်ခုတည်းမဟုတ်ဘဲ မွန်လူထုတစ်ရပ်လုံးကို အကြမ်းဖက်မှုဖြစ်တယ်။ ဒီအပေါ်မှာကျတော့ မွန်ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ မွန်ပြည်နယ်မှာရှိတဲ့ ပြည်သူပြည်သားအားလုံး၊ ညီညီညွတ်ညွတ်နဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်ကို ဝိုင်းဝန်းတွန်းလှန်ဖို့ ကျွန်တော်အဲဒီလိုပဲ တိုက်တွန်းချင်ပါတယ်” လို့ ဆိုပါတယ်။

ကော့ဘိန်းရဲစခန်းကို ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့မှာ မွန်၊ ကရင်နဲ့PDF တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့ တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

ကော့ဘိန်းရဲစခန်းသိမ်ပိုက်ခဲ့ရတဲ့ စစ်ကောင်စီဟာ မွန်လူမျိုးတွေ အများဆုံးနေထိုင်တဲ့ ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ကျူး လွန်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တိမ်းရှောင်နေရတဲ့စစ်ရှောင်ပြည်သူတွေ အ ရေးပေါ်အကူညီတွေ လိုအပ်လျက်ရှိနေတဲ့အတွက် နိုင်ငံတကာအပါအဝင် ပြည်သူတွေအချင်းချင်းရိုင်းပင်းကူညီပေးကြဖို့ မွန်ပြည်သစ် AD က တိုက်တွန်းတာပါ။

“ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး ကိုယ့်အချင်းချင်း ဝိုင်းပြီးတော့ ကူညီကြဖို့၊ ကျောချင်းကပ်ကူညီကြဖို့၊ နိုင်ငံတကာကလည်း ပြည်တွင်းကလူတွေရော၊ ပြည်ပကအဖွဲ့အစည်းတွေရော စစ်ရှောင်ပြည်သူတွေကို တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီကြပါလို့ ကျွန်တော်အဲဒီလိုပဲ မေတ္တာရပ်ခံပါရစေ” လို့ မွန်ပြည်သစ် AD ပြောရေးဆိုခွင့်ရှိ သူ နိုင်ဗညားမွန်က ဆက်လက်ပြောကြားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ ဘာသာရေအဆောက်အဦးတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ သွားလာကြဖို့ ပျော်ပွဲရွှင်ပွဲတွေ လျှော့ချကြဖို့ မွန်ပြည်သစ်ပါတီ NMSP AD က သတိပေးထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေအပေါ် မွန်လူမျိုးတွေအနေနဲ့ ဝမ်းနည်းပူဆွေးနာကျည်းမှုတွေအား ခွန်အားအဖြစ်ပြောင်းလဲပြီး စုပေါင်းအင်အားနဲ့ စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဓမ္မသကျေးရွာကို စစ်ကောင်စီတပ်ရဲ့ မီးတင်ရှို့မှုအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီအပါအဝင် မွန်တော်လှန်ရေးအင်အားစုအဖွဲ့တွေက အပြင်းအထန် ရှုတ်ချထားပါတယ်။

ဓမ္မသကျေးရွာ မီးလောင်ပျက်စီးကို လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သ တင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Mon Unity Foundation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.