ဝန်ထမ်းတွေ လာဘ်မစားဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော မြေပြင်မှာ အဂတိလိုက်စားမှု အကြီးအကျယ်ဖြစ်ပေါ်နေ

0
41

မော်လမြိုင် ၊ မတ် ၃၁

ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ အဂတိလိုက်စားမှုတွေ မလုပ်ဆောင်ကြဖို့ စစ်ကောင်စီခန့် မွန်ပြည် နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောဆိုခဲ့ပေမယ့် မြေပြင်မှာ အဂတိလိုက်စားမှု အကြီးအ ကျယ် ဖြစ်ပေါ်နေတယ်လို့ ဒေသခံပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး မတ် ၂၉ ရက်နေ့က မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အ သိပညာပေးရှင်းလင်း ဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဦးအောင်ကြည်သိန်းက သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခု အကောင်အထည်ဖော်တည်ဆောက်ရာမှာ အဂတိကင်းရှင်းတဲ့ ဝန်ထမ်းတွေနဲ့သာ တည် ဆောက်နိုင်မယ်လို့ ပြောဆိုခဲ့တာပါ။

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာလည်း ဝန်ထမ်းတွေအနေနဲ့ ဖြောင့်မတ်တည် ကြည်ဖို့နဲ့ အဂတိလိုက်စားမှု လျော့နည်းရေးအတွက် အဘက်ဘက်မှ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တာပါ။

ဒေသခံပြည်သူတစ်ဦးကတော့ ဌာနဆိုင်ရာတွေကို အဂတိမလိုက်စားဖို့ ပြောဆိုနေပေမယ့် လက် တွေ့မှာ ဌာနဆိုင်ရာအားလုံး အဂတိလိုက်စားမှုတွေ အကြီးအကျယ် လုပ်ဆောင်နေသလို တိုင် ကြားပါကလည်း အရေးယူဆောင်ရွက်ပေးတာ မရှိဘူးလို့ ပြောပါတယ်။

“ဝန်ကြီးချုပ်က ပြောသာပြောတာပဲ။ ဘယ်သူမှလည်း အရေးယူဆောင်ရွက်မှု မရှိဘူး။ လဝကတို့၊ ပတ်စပို့ရုံးတို့၊ ယာဉ်ထိန်းတို့ကအစ လာဘ်စားမှုတွေကို တအားလုပ်လာတယ်။ လုပ်လာတယ်ဆိုတာက သူတို့သဘောက ဘယ်လိုလဲဆိုတော့ သူတို့ကိုလုပ်ပိုင်ခွင့်ပေးထားတယ်။ သူတစ်လူ၊ ငါတစ်မင်း ငါတို့ဂွင်ရအောင်လုပ်မယ်ဆိုတဲ့ သဘောနဲ့ EPCဆိုလည်း EPC မို့လို့။ ပိုက်ဆံအများကြီးပေးတဲ့သူဆို ဒီနေ့ပိုက်ဆံပေး မနက်ဖြန်မီတာရတယ်။ သမားရိုးကျ အတိုင်းသွားမယ်ဆိုရင် မီတာမရဘူး။ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲတွေ သွားတိုင်လို့ရှိရင်လည်း အရေးယူဆောင်ရွက်ခြင်း မရှိဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေ အဂတိလိုက်စားလို့ သက်ဆိုင်ရာကို တိုင် ကြားပါကလည်း ဌာနဆိုင်ရာဝန်ထမ်းတွေက တိုင်ကြားသူကို မှတ်သားထားကာ စစ်ကောင်စီနဲ့ ပူး ပေါင်းပြီး အမျိုးမျိုးဒုက္ခပေးတာတွေ လုပ်ဆောင်နေတယ်လို့ သူကဆက်ပြောပါတယ်။

ပြည်သူ့ကို ဝန်ဆောင်မှုပေးတဲ့ ဌာနဆိုင်ရာအများစုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ငွေကြေးပေးဆောင်မှ ဝန်ဆောင်မှုပေးတာ၊ ငွေကြေးမပေးဆောင်ပါက ကြန့်ကြာအောင် လုပ်ဆောင်တာတွေအပြင် ခြိမ်းခြောက်ငွေ တောင်းခံမှုတွေကအစ အဂတိလိုက်စားမှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတာပါ။

အဲဒီထဲမှာတော့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေဖြစ်တဲ့ ထွေအုပ်၊ လဝက၊ ပတ်စပို့ရုံး၊ ကညန၊ ရဲစခန်းနဲ့ ယာဉ်ထိန်းရဲရုံးတွေမှာ အဂတိလိုက်စားမှုတွေ အကြီးအကျယ် လုပ်ဆောင်နေသ လို တခြားဌာနဆိုင်ရာ အားလုံးနီးပါးမှာလည်း အဂတိလိုက်စားမှုတွေ ရှိတယ်လို့ ဒေသခံပြည်သူတွေက ပြောဆိုကြပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အာဏာသိမ်းသုံးနှစ်ပြည့် အစီရင်ခံစာအရ စစ်ကောင်စီလက်ထက် မွန်ဒေသအတွင်းရှိ ပြည်သူ့ဝန်ဆောင်မှုတွေမှာ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုနဲ့ လာဘ်စားမှုတွေကို ပြည်သူအများဆုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြီးမားဆုံး ပြဿနာတစ်ခု ဖြစ်တယ်လို့ ဆိုထားပါတယ်။

အခုလို ပြည်သူတွေ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြီးမားဆုံးပြဿနာကို လက်ရှိအချိန်ထိ စစ်ကောင် စီအနေနဲ့ ကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိတာကိုလည်း အဓိကတွေ့ရှိရတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

နိုင်ငံတကာအကျင့်ပျက်ခြစားမှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ CPI ရဲ့ အဆိုအရ ကမ္ဘာ့တစ်ဝှမ်း အဂ တိလိုက်စားမှု စစ်တမ်း ကောက်ယူခဲ့တဲ့ နိုင်ငံပေါင်း ၁၈၀ ရှိတဲ့အနက် မြန်မာနိုင်ငံဟာ အဂတိလိုက် စားမှု အညွှန်းကိန်းအဆင့် ၁၅၇ ထိ ရှိတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.