ကော့ကရိတ်မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်၊ နေအိမ်အများအပြား ထပ်မံမီးလောင်ပျက်စီး

0
38

ကော့ကရိတ်၊ မတ် ၃၁

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

မတ် ၂၉ ရက်နေ့ မနက် ၁၁ နာရီအချိန်ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားရာနေကနေ ကော့ကရိတ်မြို့ အမှတ် ၄ ရပ်ကွက် အထက်ရွာဘက်မှာ နေအိမ်တွေမီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပြီး နေအိမ်စုစုပေါင်း အလုံး ၂၀ နီးပါး မီးလောင်ပျက်စီးခဲ့တာပါ။

ဒါ့အပြင် ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက် တံတားဦးဘက်မှာလည်း နာရီပေါင်းများစွာကြာ မီး လောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ကော့ကရိတ်မြို့အတွင်း မီးလောင်ကျွမ်းမှုတွေဟာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တာဖြစ်တဲ့အပြင် ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးသီးပစ်ချကာ တိုက်ခိုက်ခဲ့တဲ့အတွက် မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်ခဲ့ရတာလို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောဆိုထားပါတယ်။

စစ်ကောင်စီအားပေးထောက်ခံသူတွေဘက်ကတော့ မီးလောင်ကျွမ်းမှုတွေဟာ PDF ပူးပေါင်းတပ် ဖွဲ့ဘက်က မီးစတင်ရှို့ခဲ့လို့ နေအိမ်တွေလောင်ကျွမ်းခဲ့ရတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁ ရက်နေ့ကစတင်ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်တိုက်ပွဲကြောင့် နေအိမ်အလုံးပေါင်းရာနဲ့ချီ မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ကော့ကရိတ်မြို့အပေါ်ကို ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေ ဆက်တိုက်အသုံးပြု ပစ်ခတ်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ကော့ကရိတ်တိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.