လောင်းလုံး၊ နိုဝင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကရင်ကြီးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သားတစ်ဦးနဲ့ PDF ရဲဘော်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံအရပ်သားတစ်ဦးနဲ့ PDF ရဲဘော်တစ်ဦးကို ကရင်ကြီကျေးရွာအနီးမှာ သေနတ်နဲ့ပစ်သတ်သွားခဲ့ပါတယ်။
စစ်ကောင်စီတပ်က ပစ်သတ်သွားသူတွေရဲ့ ရုပ်အလောင်းကို ဒီနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တာပါ။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က သေဆုံးသွားတဲ့ PDF ဟာ သူတို့တပ်ဖွဲ့ဝင်မဟုတ်ဘဲ ဒေသခံသာဖြစ်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၉ ရက်နေ့ကလည်း ပြင်ကြီးကျေးရွာနေ ဒေသခံတွေဖြစ်တဲ့ အသက် ၅၀ အရွယ် ဒေါ်နုသန်းနဲ့ အသက် ၂၀ အရွယ် မောင်အောင်သာထက်တို့ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေထံ သိရပါတယ်။
ကရင်ကြီးကျေးရွာတိုက်ပွဲအတွင်း ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီဘက်က ၁၀ ဦးနီးပါး ထိ ခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်က ပြောဆိုပါတယ်။
လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ကရင်ကြီးနဲ့ကမ်းပနီကျေးရွာက ဒေသခံနေအိမ် ၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးထားပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် သဘောဆိပ်၊ ကရင်ကြီး၊ ကမ်းပနီ၊ ပြင်ကြီးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- စစ်ကောင်စီဝါဒဖြန့်ချန်နယ်

