မြဝတီ – စက်တင်ဘာ(၉)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ကန်းညီနောင် တံတားထိပ်မှာရှိတဲ့ ပြည်သူ့စစ်အထိုင်ချ စစ်ဆေးတဲ့နေရာ တိုက်ခိုက်ခံရပြီး (၃) ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ စက်တင်ဘာလ(၉) ရက်နေ့ မနက်ပိုင်းက အင်အား(၁၀)ဦးကျော်ရှိတဲ့ ပြည်သူ့ စစ်အဖွဲ့ကို KNLA ပူးပေါင်းအဖွဲ့က ကား(၂) စီးနဲ့လာပြီး ပစ်ခတ်သွားတာပါ။

“ပစ်ခတ်မှုကတော့ သိပ်မကြာလိုက်ဘူး။ လာပစ်တဲ့အဖွဲ့တွေဘက်က ကမန်းကတန်းပစ်ပြီး ပြန်ထွက်သွားတာ။ ပစ်ခတ်မှုက ၁၀ မိနစ်လောက်ဘဲကြာမယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်(၃) ဦးနေရာမှတင် သေဆုံးသွားသလို လာပစ်တဲ့အဖွဲ့ဘက်က ကားတစ်စီးကျန်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်၊BGFနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ လာရောက်စစ်ဆေးနေတဲ့ အတွက် မနက်(၁၁) နာရီနီးပါးအထိ ကားလမ်းတွေပိတ်ထားပြီး ခရီးသွားကားတွေကို ဖြတ်သန်း ခွင့်မပေးဘူးလို့ သိရပါတယ်။

ဒီပစ်ခတ်မှုကြောင့် ပြည်သူ့စစ်ဘက်က (၃) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၃) ရက်နေ့ညပိုင်းက မြဝတီရဲစခန်း ဒရုန်းနဲ့ ဗုံးချခံရပြီးနောက် လာစစ်တဲ့အဖွဲ့ကိုပါ ထပ်မံ ဗုံးချခဲ့နဲ့အတွက် သေဆုံးသူ(၉)ဦးအထိရှိလာတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.