ကျိုက်ထို – စက်တင်ဘာ(၉)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်မှာ စစ်တပ်ကနေ ဒုဗိုလ်မှူးကြီးအဆင့်နဲ့ အငြိမ်းစားယူထားတဲ့ ဦးအောင်လွင်တို့ မိသားစု ပစ်ခတ်ခံရတာကြောင့် ဇနီးဖြစ်သူ သေဆုံးပြီး သားဖြစ်သူအပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က နေအိမ်ကို ကားနဲ့ပြန်လာတဲ့ အသက် ၄၈ နှစ်အရွယ် စစ်တပ် အငြိမ်းစား ဦးအောင်လွင်ကို အမည်မသိ သေနတ်သမားတွေက နေအိမ်အရှေ့မှာပဲ သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

အဲဒီပစ်ခတ်မှုအတွင်း ကားပေါ်ပါလာတဲ့ ဇနီးဖြစ်သူ ဒေါ်စန္ဒာစိုးဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပြီး သားဖြစ်သူနဲ့ ဦးအောင်လွင်တို့ ၂ ဦး ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်မှာ ယာဘက်မျက်လုံးကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့တဲ့ အသက် ၇ နှစ်အရွယ် သားဖြစ်သူ မောင်အောင်ငြိမ်းမာန်ဟာ စိုးရိမ်ရအခြေအနေကြောင့် ရန်ကုန်ဆေးရုံထံ ပို့ဆောင်ကုသထားရတယ်လို့ သိရပါတယ်။

မြို့နယ် YMBA အသင်းဝင် တစ်ဦးဖြစ်တဲ့ ဦးအောင်လွင်ဟာ ကျိုက်ထိုမြို့မှာ စိုးရတနာအမည်နဲ့ရွှေဆိုင်ဖွင့်ထားသလို စစ်ကောင်စီနဲ့ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

စစ်တပ်အငြိမ်းစားအရာရှိ မိသားစု ပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာ လက်ရှိအချိန်အထိ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ကျိုက်ထိုမြို့နယ် ပကဖအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဒီပစ်ခတ်မှုကို သူတို့အဖွဲ့က လုပ်ဆောင်တာ မဟုတ်ကြောင်းနဲ့ မဆိုင်တဲ့အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုအတွက် များစွာ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ကော့ထင်းနဲ့ဘိုရားကြီးကျေးရွာ ကြားမှာ စစ်ကောင်စီသြဇာခံ နယ်ခြားစောင့်တပ် BGF ဗိုလ်နဲ့ ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရတာကြောင့် သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့် မီဒီယာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.