လောင်းလုံး၊ သြဂုတ်(၈)
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ အင်းဇောက်ကျေးရွာမှာ အရပ်သားပြည်သူတစ်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီ လေကြောင်းရန် ကာကွယ်ရေးစခန်း(လားဘိုတောင်စခန်း)နဲ့ စစ်လှန်းတောင်ပေါ်ရှိ မိုင်တဲတာဝါတိုင်းစခန်းအတွက် ထားဝယ်ကနေ ရိက္ခာဝယ်ပြီး ပြန်လာတဲ့ကားတစ်စီးကို LLPDF တပ်တို့က သတင်းအရ စောင့်ဆိုင်းစစ်ဆေးခဲ့တာပါ။
ရိက္ခာဝယ်ပြီးပြန်လာတဲ့ ကားတစ်စီးဟာ ရပ်တန့်စစ်ဆေးမခံဘဲ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို တိုက်ပြီးမောင်းပြေးသွားတဲ့အတွက် LLPDF တပ်ဖွဲ့တွေက ကားနဲ့လိုက်လံပစ်ခတ်ခဲ့တာပါ။
မောင်းပြေးသွားတဲ့ ကားအပေါ်ပါလာတဲ့သူ ၂ ဦးဟာ အင်းဇောက်ကျေးရွာလမ်းဆုံအနီးရှိ ဘိလိယက်ခုံဆိုင်အရှေ့မှာ ကားဘီးပေါက်ထိုးရပ်ပြီး ထွက်ပြေးသွားတဲ့အတွက် LLPDF တပ်ဖွဲ့ဝင် လိုက်လံပစ်ခတ်စဉ် ဘိလိယက်ခုံမှာထိုင်နေတဲ့ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးသွားပါတယ်။
ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတဲ့ ကိုမျိုးဇော်လတ်ဟာ လောင်းလုံးမြို့နယ် ဇာတိဖြစ်ပေမယ့် ထားဝယ်မှာ ပြောင်းရွှေ့နေထိုင်စဉ် အင်းဇောက်ကျေးရွာနေ သူငယ်ချင်းဖြစ်သူထံ အလည်လာချိန်မှာ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ကိုမျိုးဇော်လတ်သေဆုံးမှုအပေါ် မိသားစုနဲ့ထပ်တူဝမ်းနည်းခဲ့ရပြီး တာဝန်ခံမှု၊ တာဝန်ရှိစွာနဲ့ တာဝန်ယူသွားမယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-LLPDF

