ရှစ်လေးလုံး စိတ်ဓာတ် ဆွဲကိုင်တော်လှန်ဖို့လိုတယ်လို့ NUG ယာယီသမ္မတပြော

မော်လမြိုင် – ဩဂုတ်(၈)

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ဖို့အတွက် ရှစ်လေးလုံး စိတ်ဓာတ်ကို ပြန်လည် သယ်ဆောင်ပြီး ဆက်လက်ဆွဲကိုင်တိုက်ပွဲဝင်ဖို့လိုအပ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောပါတယ်။

ဒီနေ့ ဩဂုတ်လ(၈) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်နေ့ အခမ်းအနားမှာ NUG ယာယီသမ္မတက အခုလိုပြောခဲ့တာပါ။

“၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီ လူထုအရေးတော်ပုံ သန္ဓေတည် ပေါက်ဖွားခဲ့ပြီး အခု ၂၀၂၁ မှာ စတင်တဲ့ နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေး / ကြီးရင့်မှု အဆင့်တစ်ဆင့်ကို ရောက်လာခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် ရှစ်လေးလုံး စိတ်ဓာတ်ကို ပြန်လည်သယ်ဆောင်ပြီး ဆက်လက်ဆွဲကိုင်ဖို့ လိုအပ်ပါတယ် ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါ့အပြင် ရှစ်လေးလုံးတော်လှန်ရေး စိတ်ဝိညာဉ်ကို တန်ဖိုးထား နှလုံးသွင်းပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ထွန်းပေါ်ပေါက်ချိန်အထိ ဆက်လက်ချီတက် ကြဖို့လည်း အစိုးရအဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့ပါသေးတယ်။

ဒီမိုကရေစီအတွက် ခေတ်အဆက်ဆက် လက်ဆင့်ကမ်း တိုက်ပွဲဝင်လာသူ အမြောက်အများ ရှိသလို အဲဒီထဲက တချို့ဟာ အသက်နဲ့ခန္ဓာကို စွန့်လွှတ်ခဲ့ကြသူတွေပါဝင်ပြီး တချို့ကတော့ သူတို့ရဲ့ ဘဝကို ပေးဆပ်ကာ မိသားစု၊ရာထူး စည်းစိမ်တွေကို စွန်လွှတ် မြှုပ်နှံပေးဆပ်သူ တွေရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ဒီမိုကရေစီအတွက် ကြိုးပမ်းခဲ့ကြသူတွေရဲ့ မျက်နှာကို ငဲ့ကွက်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးမှာ မဖောက်မပြန် မြဲမြံတဲ့ သစ္စာနဲ့ ရှေ့ကြဖို့လိုတယ်လို့ ယာယီသမ္မတက တိုက်တွန်းခဲ့ပါတယ်။

“ဒီမိုကရေစီရေး လူထုတော်လှန်ရေးအတွင်းမှာ အသက်ပေးသွားကြသူ အပေါင်းကို အကောင်း ဆုံးကျေးဇူးဆပ်ခြင်းဆိုတာကတော့ နွေဦးတော်လှန်ရေးကို အလုံးစုံ အပြီးသပ်အောင်မြင်အောင် လုပ်ဆောင်ခြင်းပဲ ဖြစ်တယ်ဆိုတာနဲ့ နွေဦးတော်လှန်ရေးအောင်ပွဲကို အပြီးတိုင် ရယူနိုင်မှသာ ပေးဆပ်သူ လူထုအပေါင်းကို ကျေးဇူးဆပ်ရာရောက်ပါလိမ့်မယ်” လို့ NUG ယာယီသမ္မတက ပြောခဲ့ပါတယ်။

ဒီနေ့ကျင်းပခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံနေ့ အခမ်းအနားမှာ အရေးတော်ပုံအတွင်း အသက်နဲ့ ခန္ဓာကို အပ်နှံပြီး လူထုအတွက်ပေးဆပ်ခဲ့ကြသူအားလုံးကို အောက်မေ့သတိရပြီး အလေးအနက် ဦးညွတ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.