ရန်ကုန် – ဇွန်(၆)
တေးရေးဆရာအောင်နိုင်စန်းနဲ့ ပြည်သူ(၄) ဦးကို လူမှုကွန်ရက်စာမျက်နှာမှာ စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှု တွေပြုလုပ်တဲ့အတွက်ဆိုပြီး ဖမ်းဆီးထားတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူ တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မေလ(၃၀) ရက်နေ့က စစ်တပ်အားပေးအဆိုတော် လီလီနိုင်ကျော် ပစ်ခတ်ခံရမှုဖြစ်စဉ်မှာ သတင်းတင်ထားတဲ့ ပိုစ့်အောက် ကောမန့်ရေးခဲ့လို့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက တေးရေးဆရာအောင်နိုင်စန်းအပြင် ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် (၁၀၆) ရပ်ကွက် မှာနေထိုင်တဲ့ မြင့်မောင်(ခ) ကိုနီ၊မင်္ဂလာဒုံမြို့နယ် ရွာမရပ်ကွက်မှာ နေထိုင်တဲ့ မျိုးမင်းညီ(ခ) သူရ၊ သာကေတမြို့နယ် ၄/တောင်ရပ်ကွက်နေ ချစ်ဦးဝေနဲ့ ပဲခူးတိုင်း ပဲခူးမြို့ ပျဉ်ပုံကြီးကျေးရွမှာ နေထိုင်သူ အာကာမင်းဦး တို့ကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လှုံ့ဆော်တာ၊ ဝါဒဖြန့်တာတွေပြုလုပ်ခဲ့တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။
တေးရေးဆရာအောင်နိုင်စန်းကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖမ်းဆီးပေးဖို့ အချက်အလက်တွေ ဖြန့်ချီခဲ့ပြီးနောက် ဇွန်လ(၄) ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး စမ်းချောင်းမြို့နယ် ရဲစခန်းမှာ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
စစ်တပ်အားပေးအဆိုတော် လီလီနိုင်ကျော်ဟာ ဒီနေ့ ဇွန်လ(၆) ရက်နေ့ မနက်ပိုင်းမှာ သေဆုံးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းမှာရှိတဲ့ အဆောင်တစ်ခုမှာနေတဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားပြီး စစ်ကြောရေးပို့ဆောင်ထားတယ်လို့ သိရပါ တယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – စစ်တပ်ဝါဒဖြန့်မီဒီယာ

