ရန်ကုန်၊ ဇွန်(၆)
နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ်မတ်လကနေ မေလအထိ ၃ လအတွင်း အမျိုးသမီး ၁၀၀ ကျော် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ(BWU)က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲဒီထဲမှာ မေလအတွင်း အမျိုးသမီး ၂၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး အမျိုးသမီး ၁၄ ဦးဟာ စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ဝင်ရောက်စီးနင်းချိန်အတွင်း အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
အမျိုးသမီးဖမ်းဆီးသတ်ဖြတ်ခံရမှုအရ မတ်လအတွင်း အမျိုးသမီး ၂၉ ဦး၊ ဧပြီလအတွင်း အမျိုးသမီး ၄၅ ဦးနဲ့ မေလအတွင်းမှာ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၁၀၃ ဦး သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာ၊ သေနတ်နဲ့ ပစ်သတ်ခံရတာ၊ လက်နက်ကြီး ထိမှန်တာကြောင့် သေဆုံးနေတာပါ။
အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခင်ငြိမ်းသစ်ကတော့ အမျိုးသမီးတွေ မတရားသတ်ဖြတ်ခံရမှုတွေဟာ အခုအချိန်မှာ ထုတ်ဖော်ခွင့်မရရင်တောင် နောင်တစ်ချိန်မှာ တရားမျှတမှုရဖို့အတွက် တတ်နိုင်သမျှ မှတ်တမ်းယူထားဖို့ တိုက်တွန်းပါတယ်။
မြန်မာအမျိုးသမီးသမဂ္ဂ(BWU)ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း အမျိုးသမီး ၅၄၂ ဦး သတ်ဖြတ်ခံခဲ့ရပြီး အမျိုးသမီး ၃၅၁၇ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ထဲက အမျိုးသမီး ၈၅၉ ဦးဟာ ပြစ်ဒဏ်အသီးသီးချမှတ်ခံထားရတယ်လို့ မြန်မာအမျို းသမီးသမဂ္ဂ (BWU)ရဲ့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

