KNU မုန်းမြို့နယ်က ဒေသခံ ၄၀၀၀ ကျော် ထပ်မံထွက်ပြေးနေရ

မုန်း၊ ဇွန်(၆)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀၀ ကျော် ထပ်မံထွက်ပြေးနေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ(၂၉)ရက်နေ့ ည(၈)နာရီခွဲအချိန်က စစ်ကောင်စီတပ်ကနေ မုန်းမြို့နယ်၊ မီးတိုင်တောကျေးရွာထဲကို လက်နက်ကြီး(၂)လုံး၊ အောင်ချမ်းသာကျေးရွာထဲကို လက်နက်ကြီး(၁)လုံးပစ်ခတ်ခဲ့ပြီး မေလ(၃၀)ရက်နေ့ကလည်း သာစည်ကျေးရွာထဲကို လက်နက်ကြီး(၅)လုံး၊ ကြက်တက်ညောင်ပင်ကျေး ရွာထဲကို လက်နက်ကြီး (၁၀)လုံး ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီလိုစစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်(၁)လုံး ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူလူထုတွေဟာ ကြောက်ရွံ့ကာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ KNU က ဆိုပါတယ်။

စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် KNU မုန်းမြို့နယ်ထဲမှာ သာစည်ကျေးရွာ၊ ကြက်တက်ညောင်ပင်ကျေးရွာ၊ နှောင်းတောကျေးရွာ၊ ကညင်ကျကျေးရွာ၊ သမန်းကျင်းကျေးရွာတွေဟာ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာတွေဖြစ်ကြပြီး လူဦးရေ စုစုပေါင်း(၄၂၄၃)ဦး နေထိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသခံပြည်သူလူထုတွေဟာ နေရပ်ကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့အတွက် အလုပ်လုပ်ကိုင်ဖို့ အဆင်မပြေတော့တာကြောင့် အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လျက်ရှိသလို အခုအချိန်ဟာ မိုးရာသီဖြစ်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေဟာ အခက်အခဲပြဿနာများစွာ ကြုံတွေ့နေရပြီး စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ ကျန်းမာရေးနဲ့ ဘဝလုံခြုံမှု စတဲ့ အကူအညီတွေ အရေးပေါ်လိုအပ်လျက်ရှိနေတယ်လို့ KNU က ဆိုပါတယ်။

KNU မုန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေလ(၁၀)ရက်နေ့အထိ စစ်ဘေးရှောင်ဦးရေ ၂၈၀၀၀ ကျော် ရှိပြီး အခုအချိန်မှာ နောက်ထပ်စစ်ဘေးရှောင်ဦးရေ ၄၀၀၀ ကျော်ထပ်တိုးလာတဲ့အတွက် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၃၂၀၀၀ ကျော်အထိ ရှိလာပြီဖြစ်တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.