မော်လမြိုင်၊ မေ(၅)
ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုညီလာခံကို မေ ၄ ရက်နေ့မှာ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခံထားရတဲ့ ပဒိုစောဆဲဂေကို ကာကွယ်ရေးဌာန ဝန်ကြီးအဖြစ်ပါပူးတွဲ တာဝန်ယူဖို့ ထပ်မံရွေးချယ်ခံရတယ်လို့ KNU သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
KNU ဗဟိုညီလာခံ ရွေးကောက်ပွဲမှာ KNU ဥက္ကဌ ရာထူးအပါအဝင် ဒုတိယဥက္ကဌ၊ အထွေထွေအ တွင်းရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး(၁)၊ တွဲဖက်အတွင်းရေးမှူး(၂)နဲ့ ဗဟိုတရားသူကြီးချုပ်ရာ ထူးတို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက ရွေးချယ်တင်မြောက်ခဲ့ကြပြီးနောက် ဒီကနေ့ မေလ(၄)ရက်နေ့မှာတော့ ကျန်ရှိတဲ့ ဌာနတချို့ရဲ့ ဝန်ကြီးရာထူးတွေကို ညီလာခံမှာ ဆက်လက်ရွေးချယ်တင်မြောက်သွားခဲ့တာပါ။
KNU ဥက္ကဌအသစ်အဖြစ် အရင်ဒုတိယဥက္ကဌတာဝန်ယူထားတဲ့ ပဒိုစောကွယ်ထူးဝင်း ရွေးကောက်တင်မြှောက်ခံရပြီး ဒုတိယဥက္ကဌအဖြစ် ပဒိုစောဆဲဂေ၊ အတွင်းရေးမှူးချုပ်အဖြစ် ပဒိုစောတာဒိုမူး၊ တွဲဖက်အတွင်းရေးမှူး( ၁)အဖြစ် ပဒိုစောသောသီဘွဲ၊ တွဲဖက်အတွင်းရေးမှူး(၂)အဖြစ် ပဒိုစောလှထွန်းနဲ့ ဗဟိုတရားသူကြီးချုပ်အဖြစ် ပဒိုနော်မြိုင်ဖိုးတို့ ရွေးကောက်တင်မြှောက်ခံထားရတာဖြစ်ပါတယ်။
KNU ကာကွယ်ရေးဌာနဝန်ကြီးအဖြစ် ဒုတိယဥက္ကဌအဖြစ် ရွေးချယ်ခံရတဲ့ ပဒိုစောဆဲဂေက ပူးတွဲတာဝန်ယူသွားရမှာဖြစ်ပြီး ပြည်ထဲရေးနဲ့ သာသနာရေးဌာနဝန်ကြီးအဖြစ် ပဒိုစောကနဲဖော၊ လမ်းပန်း ဆက်သွယ်ရေးဌာနဝန်ကြီးအဖြစ် ပဒိုစောကလယ်စေးတို့က ရွေးချယ်တင်မြောက်ခံခဲ့ရပါတယ်။
KNU နိုင်ငံခြားရေးဌာနရဲ့ ဝန်ကြီးအဖြစ် ပဒိုစောတောနီးက ထပ်မံအရွေးခဲ့ရတာဖြစ်ပေမယ့် ဌာနအ များစုရဲ့ ဝန်ကြီးတွေကိုတော့ လူသစ်တွေ ရွေးကောက်တင်မြှောက်ခဲ့တယ်လို့ KNU သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU မှာ ကာကွယ်ရေးဌာန၊ နိုင်ငံခြားရေးဌာန၊ ပြည်ထဲရေးနဲ့ သာသ နာရေးဝန်ကြီးဌာန၊ သစ်တောဌာန၊ ပညာရေးနဲ့ ယဉ်ကျေးမှုဦးစီးဌာန၊ ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးဌာန၊ လမ်းပန်းဆက်သွယ်ရေးဌာန၊ စည်းရုံးရေးနဲ့ သတင်းပြန်ကြားရေးဌာနအပါအဝင် ဌာနပေါင်း (၁၄)ခုနဲ့ ဖွဲ့စည်းထားပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ -KNU

