ပုလော၊ မေ(၅)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ရှိသူတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၃ ရက်နေ့ မနက် ၈ နာရီလောက်မှာ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်း အင်အား ၃၀ နီးပါး တပ်စွဲထားတဲ့တပ်ခစန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက မြေပြင်အဖွဲ့တွေအပြင် ဒရုန်း ၃ စင်းနဲ့ပါ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီခွဲကြာဖြစ်ပွားခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဘက်က ဒရုန်းတစ်စီးပျက်စီးခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲကြောင့် ထမင်းမစားကျေးရွာနဲ့ အနီးအနားရွာက ဒေသခံ ၅၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို အရေးပေါ်ပြောင်းရွှေ့ခဲ့တယ်လို့ ဒေသခံထံကနေ သိရပါတယ်။

မေ ၅ ရက်နေ့ မနက်ပိုင်းမှာလည်း ပုလောကုန်းကျေးရွာအတွင်း စစ်ကောင်စီ၊ ပျူစောထီးအဖွဲ့နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အခြေနေအသေး စိတ်ကိုတော့ မသိရသေးပါဘူး။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစပြီး တိုက်ပွဲတွေခပ်စိပ်စိပ် ဖြစ်ပွားနေပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.