ရန်ကုန် ၊ မေ (၅)

မဲမသမာမှုအကြောင်းပြချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က နိုင်ငံ့အာဏာကို တစ်ကျော့ပြန်သိမ်းယူတဲ့ နှစ်နှစ်ကျော်ကာလအတွင်း ဒီမိုကရေစီလိုလားသူနဲ့ စစ်တပ်လိုလားသူ အုပ်စုနှစ်ခုက အရပ်သားရှစ်ထောင်ကျော်အထိ သတ်ဖြတ်ခံထားရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၃၄၅၀ ကျော် သတ်ဖြတ်ခံခဲ့ရတာပါ။

အဲဒီသတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး AAPP ထုတ်ပြန်ချက်ကို သံလွင်တိုင်းမ်က စိစစ်ကြည့်ရာမှာတော့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာ ဖြိုခွင်းခံရတာ၊ စစ်ကြောရေးမှာ အသတ်ခံရတာ၊ ကိုယ်ထိလက်ရောက် နှိပ်စက်တာ၊ သေဒဏ်ပေးတာတွေအပြင် လေကြောင်းတိုက် ခိုက်ခံရတာ၊ လက်နက်ကြီးထိမှန်တာနဲ့ ဗုံးပေါက်ကွဲတာတွေလည်း ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ရေးပြင်းထန်တဲ့ ဒေသတွေမှာ ခေါင်းဖြတ်တာ၊ ဓားစာခံနဲ့လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတာ၊ အတင်းအဓမ္မလုပ်အားပေးစေခိုင်းတာ၊ မြေမြုပ်မိုင်းနင်းမိတာ၊ အရှင်လတ်လတ်မီးရှို့ခံရတာ၊ အ ဓမ္မပြုကျင့်ခံရတာတွေနဲ့ ယာဉ်မောင်းရင်း အပစ်ခံရတာစတဲ့ ဖြစ်စဉ်တွေလည်း ပါဝင်ပါတယ်။

စစ်ကောင်စီကတော့ သူတို့အာဏာသိမ်းယူတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး အခုနှစ် မတ်လလယ်အထိ PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၄၆၄၀ ကျော် ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ချို့ဟာ စစ်ကောင်စီဘက်ကိုထောက်ခံတဲ့ သတင်းပေးဒလန်တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာ ထိပ်ပိုင်းအရာရှိတွေကို ရှင်းလင်းသုတ်သင်တာတွေ ရှိနေတာပါ။

အလားတူစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့တွေကို အားပေးထောက်ခံတာ၊ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်နေတဲ့ ဒီမိုကရေစီလိုလားသူ အရပ်သားတွေနဲ့ နိုင်ငံ ရေးတက်ကြွသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ဒေသခံပြည်သူတစ်ဦးကတော့ လတ်တလောမှာ လူသားဒိုင်းလုပ်ပြီး သတ်ဖြတ်ခံထားရတဲ့ အရပ်သား ၅ ဦးရှိသလို စစ်တပ်စစ်ဆေးရေးဂိတ်တွေမှာ လမ်းသွားလမ်းလာ အမျိုးသမီးတွေကို ဖမ်းဆီးပြီး မဖွယ်မရာလုပ်တာတွေရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လတ်တလောဖြစ်ထားတာက ကျွန်တော်တို့ ဆားလင်းကြီးမှာ လူသားဒိုင်းကာလုပ်ပြီး လူ ၅ ယောက်ကို သတ်ဖြတ်သွားတယ်။ ခေါင်းဖြတ်တယ်။ နောက်ပြီး သတ်နတ်နဲ့ ပစ်သွားတယ်၊ အဲဒီလိုမျိုး ရှိတယ်။ နောက်ပြီး မုံရွာ – ချောင်းဦးလမ်း စစ်တပ်ဂိတ်မှာ လမ်းသွားလမ်းလာ အမျိုးသမီးတွေကို သူတို့ဖမ်းဆီးပြီး မဖွယ်မရာလုပ်တယ်၊ မုဒိမ်းကျင့်တာမျိုးရှိတယ်။ ပန်းသည်လေးတစ်ယောက်ဆို ဘယ်နေရာမှန်းမသိခေါ်ပြီး လူဦးရေများစွာနဲ့ မုဒိမ်းကျင့်လိုက်တာ ကောင်မလေးက ပြန်လည်းလွတ်လာရော အိမ်ပြန်ရောက်တော့ အဆိပ်သောက်ပြီး သတ်သေသွားတာမျိုးလည်း ရှိတယ်။ ကျွန်တော်တို့ ချောင်းဦးနားတစ်ဝိုက်မှာ ကောင်မလေးကိုဖမ်းပြီး အင်္ကျီတွေချွတ်ခိုင်းပြီး ဒီအတိုင်းနေခိုင်းတာတို့ အဲ ဒီလိုမျိုး ကျုးလွန်မှုတွေရှိတယ်ဗျ”လို့ သူက ဆိုပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို လက်နက်ကိုင်ခုခံတော်လှန်စစ်အားကောင်းတဲ့ ဒေသတစ်ခုဖြစ်တဲ့အတွက် စစ်တပ်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ချေမှုန်းတိုက်ခိုက်ရာမှာ အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ ကျေးရွာပြည်သူ့အုပ် ချုပ်ရေးအဖွဲ့က အရပ်သားတွေနဲ့အတူ ရုံးဖွင့်ပွဲလုပ်နေချိန်မှာ စစ်ကောင်စီတပ်ကနေ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇၁ ဦး သေဆုံးထားပါတယ်။

တိုင်းရင်းသားဒေသဖြစ်တဲ့ ကရင်နီပြည်နယ်မှာလည်း အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ ဖြစ်စဉ် အများဆုံးဖြစ်နေပြီး မိသားစုလိုက်သတ်ဖြတ်ခံရမှုဟာ အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာဦးဗညားက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့တာ တော်တော်များတယ်။ ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် သေတဲ့ဦးရေက တော်တော်များတယ်။ အများဆုံးထဲ သွားကျတယ်။ ဖမ်းဆီးပြီးသတ်ဖြတ်တဲ့ ပုံစံထဲမှာ မီးရှို့သတ်တာ ရှိတယ်၊ သားကို ပစ်သတ်တာရှိတယ်။ လင်ကိုပစ်သတ်တာ ရှိတယ်။ ပြီးတော့မှ အစုအလိုက်အပြုံ လိုက် မီးရှို့ပစ်တာရှိတယ်။ ဖမ်းဆီးညှင်းဆဲသတ်ဖြတ်တာပေါ့။ အဲဒီဟာက အဆိုးဝါးဆုံး လူ့အခွင့်အ ရေးချိုးဖောက်မှု တစ်ရပ်ဖြစ်တယ်။ ပြီးတော့ လမ်းသွားလမ်းလာတွေကို ပစ်ခတ်တာ၊ စစ်ရှောင်တွေရှိတဲ့ စခန်းတွေ၊ ကျေးရွာတွေထဲ ပစ် ခတ်တယ်။ ဗုံးတွေ၊ လေကြောင်းပစ်ခတ်မှုတွေကြောင့် သေဆုံးတာ ဒုတိယအများဆုံးဖြစ်တယ်။ ဒါကစစ်ကောင်စီကနေ မကျုးလွန်သင့်တဲ့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့အရာတွေဖြစ်တယ်။ အဲဒါက ရာဇဝတ်မှုမြောက်တဲ့ ပုံစံအဖြစ်တွေ့ရတယ်” လို့ သူက ဆိုပါတယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းတွေအရ အာဏာသိမ်းမှု နှစ်နှစ်ကျော်ကာလအတွင်း ဒေသခံအရပ်သားပြည်သူ ၃၀၀ ကျော် သတ်ဖြတ်ခံထားရသလို စစ်ရှောင်ပြည်သူ ၁၃၄ ဦး သေဆုံးခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှုကြိမ်ရေ ၃၆၀ ကျော် ရှိတယ်လို့ မေ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အမြစ်ဖြတ်ချေမှုန်းရေးလမ်းစဉ်ကို သွားနေကြတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကြား လက်နက်ကိုင်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာပါ။

ဒီအခြေအနေမှာ နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဆုတ်ကပ်ဆိုက်နေတဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ နိုင်ငံ တကာက တိုက်တွန်းနေတဲ့ စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ခြေဦးလှည့်မှာ မဟုတ်ဘူး လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

တစ်ဖက်မှာတော့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကလည်း ချမှတ်ခဲ့တဲ့ အချိန်ကစပြီး နှစ်နှစ်ပြည့်သွား သည့်တိုင် နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ ရယူထားတဲ့ စစ်ကောင်စီအနေနဲ့ ဘာတစ်ခုမှ ရေရေရာရာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ လက်ရှိအခြေအနေမှာ နှစ်ဖက်အဖွဲ့တွေအနေနဲ့ နိုင်ငံရေးအရ မဖြေရှင်းနိုင်သရွှေ့ စစ်ရေးနဲ့ဖြေရှင်းကြမယ်ဆိုရင် ပြည်သူတွေ ပိုပြီးအထိနာနိုင်သလို နိုင်ငံဟာပိုပြီး ဆိုးဝါးလာဖို့ရှိတယ်လို့ သုံးသပ်ပါတယ်။

“စစ်ရေးနဲ့ပဲ ဖြေရှင်းကြမယ်ဆိုရင် သူ့ဘက်ကိုယ့်ဘက် အသေအကြေပိုများလာနိုင်တယ်။ ပြည်သူတွေ ပိုဒုက္ခရောက်နိုင်တယ်။ တိုင်းပြည်လည်း ပိုပြီးတော့ အဆိုးဘက်ကို ရွေ့လျားသွားမှာဖြစ်တယ်။ နိုင်ငံရေးအရ မဖြေရှင်းနိုင်သမျှ မပြောဆိုနိုင်သမျှတော့ နိုင်ငံကပိုပြီး ဆိုးဝါးလာဖို့ရှိတယ်၊ ပိုပြီးတော့ တိုက်ပွဲတွေ ဖြစ်လာမယ်၊သတ်ဖြတ်မှုတွေ ဖြစ်လာမယ်။ အဲဒီလိုဖြေရှင်းပြီးတော့ နောက်ဆုံးတော့ ပြည်သူတွေလည်း အထိနာ သူတို့နှစ်ဘက်လည်း အထိနာ နောက်ဆုံးဒီနိုင်ငံက ဘာမှအဘက်ဘက်မှာ ကျရှုံးပြီးရင်းကျရှုံးနိုင်ငံအဖြစ် အဲဒီဘက်ကို တစ်ဖြည်းဖြည်းရွေ့လာနေပြီ။ ဖြစ်လည်းဖြစ်လာမယ်လို့ ယုံကြည်တယ်။ နိုင်ငံရေးအရ ဖြေရှင်းမှုကလည်း နှစ်ဘက်စလုံးက မလုပ်ဘူးလို့ပြောတဲ့အခါ ဒီလမ်း ကြောင်းမှအပ တခြားသွားမယ့် လမ်းမမြင်ဘူးပေါ့”လို့ သူက ဆိုပါတယ်။

သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းချိန်ကနေ အခု နှစ်ဆန်းပိုင်းအထိ တစ်နိုင်ငံလုံးမှာ တိုက်ပွဲပေါင်း ၈၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အာဏာမသိမ်းခင် ဆယ်စုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြိမ်ရေ ၄၆၀၀ ကျော်နဲ့ နှိုင်းယှဉ်ကြည့်ရင် နှစ်ဆနီးပါးမြင့်တက်လာတာပါ။

အခုနှစ် လေးလတာအတွင်း တော်လှန်ရေးအင်အားစုတွေဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၀ နီးပါး သေဆုံးခဲ့တယ်လို့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကို ကိုးကားပြီး Myanmar Peace Monitor ရဲ့ အပတ်စဉ်ထုတ်ပြန်ချက်မှာ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အချက်အလက်တွေအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား သုံးသောင်းဝန်းကျင် သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ဒဏ်ရာရသူ တစ်သောင်း ကျော်ရှိခဲ့တယ်လို့ မေ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.