မော်လမြိုင် ၊ မေ (၅)

အာဏာသိမ်းစစ်ကောင်စီက ကုန်သွယ်မှုလိုငွေမဖြစ်ပေါ်စေဖို့အတွက်ဆိုပြီး ပြည်ပသွင်းကုန်တွေကို တတ်နိုင်သမျှမသွင်းဖို့နဲ့ တင်သွင်းလာတဲ့ကုန်ပစ္စည်းတွေကို စစ်ဆေးမှုတင်းကျပ်ဖို့ ညွှန်ကြားမှုဟာ နည်းစနစ်အမှားသာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ဝေဖန်လိုက်ပါတယ်။

အာဏာသိမ်း စစ်ခေါင်ဆောင်ရဲ့ ညွှန်ကြားမှုကြောင့် ကုန်သွယ်မှုလိုငွေ မဖြစ်စေရေးအတွက် ပြည် တွင်းထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို တတ်နိုင်သမျှ ပြည်ပကနေ မတင်သွင်းဖို့နဲ့ အမှန်တကယ် ပြည် တွင်းမှာ မထုတ်လုပ်နိုင်တဲ့ ကုန်ပစ္စည်းတွေကိုသာ စိစစ်ပြီးတင်သွင်းဖို့ စစ်ကောင်စီစာသုံးသူရေးရာဦးစီးဌာနက ပြီးခဲ့တဲ့ဧပြီနောက် ဆုံးအပတ်အတွင်း အကြောင်းကြားလာတာပါ။

အဲဒီအကြောင်းကြားစာကိုတော့ တိုင်းနဲ့ပြည်နယ်အသီးသီးရှိ စာသုံးသူရေးရာဦးစီးဌာနအပါအဝင် မြန်မာနိုင်ငံကုန်သည်နဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင် အသင်းအဖွဲ့တွေကို ညွှန်ကြားလာတာ ဖြစ်ပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကတော့ ပို့ကုန်ကဏ္ဍမမြှင့်တင်ဘဲ သွင်းကုန်လျော့ချဖို့ လုပ်ဆောင်တာဟာ နည်းစနစ်အမှားသာဖြစ်ပြီး အခုအခြေအနေဟာ နိုင်ငံခြားငွေရှားပါးမှုကို ထပ်မံပြသနေတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုကတော့ နိုင်ငံခြားငွေက ရှားလာပြီဆိုတော့ အဲဒီစကားပြောလာမှာပေါ့လေ။ အမှန်ကုန်သွယ်မှုပိုငွေဆိုတဲ့ ရည်မှန်းချက်က နိုင်ငံတိုင်းလိုလိုမှာတော့ ရှိပါတယ်။ ဒါပေမယ့်ကိုယ်တွေဆီမှာ လုပ်တဲ့နည်းစနစ်က တကယ့်ကိုအမှားကြီး။ သွင်းကုန်ကိုလျော့ချဖို့ စိတ်ကူးနေတာ။ အမှန်ကပို့ကုန်ကို မြှင့်တင်ပေးရမှာ။ ကိုယ်ဆီကများများ ပို့ပြီးတော့ ရလာတဲ့ပိုငွေကသာ တကယ့်ပိုငွေအစစ်။ ဒီလိုမျိုးသွင်းကုန်ကို ကန့်သတ်လည်ပင်းညှစ်ပြီးတော့ မဖြစ်မနေ အန်ထွက်လာအောင် လုပ်တဲ့ပိုငွေက အဲဒီဟာက တိုင်းပြည်ဒုက္ခရောက်မယ့် နည်းစနစ်ဖြစ်နေတယ်။ သူတို့ တကယ်လုပ်ချင်လို့ရှိရင် ပို့ကုန်ကိုဦးစားပေး။ ပို့ကုန်ကို မြှင့်တင်ပေး။ ပို့ကုန်ကိုမြှင့်တင်ပေးဖို့ဆိုတာ လွယ်လွယ်လေးပဲ၊ သူတို့ပေါ်လစီတစ်ခု ချလိုက်လို့ရတယ်။ ပို့ကုန်တွေသည် ဒီပို့ကုန်ဝင်ငွေရှိမှ သွင်းကုန် သွင်းခွင့်ပြုမယ်။ အဲဒီလိုသာ သတ်မှတ်လိုက်။ အဲဒါဆိုလို့ရှိရင် ပို့ကုန်သမားတွေ အလုအယက်ပို့လိမ့်မယ်။ နောက်တစ်ခု က သူတို့ အခုလုပ်ထားတဲ့ ဒေါ်လာကို (၂၁၀၀) ဆိုတဲ့ဟာကိုလည်း ပယ်ဖျက်ပေးပြီးတော့ အဲဒီဈေးကွက်ထဲ မှာဘဲ ပို့ကုန်နဲ့သွင်းကုန် ဈေးကွက်ပေါက်ဈေးအရ ရောင်းပါစေ၊ ဝယ်ပါစေ။ အဲဒီလိုမျိုးလုပ်လို့ရှိရင် မှန်တယ် ဒီဒေါ်လာဈေးတွေ တက်သွားမယ်။ တက်သွားလို့ရှိရင် အဲဒီဟာကသွင်းကုန်ကို အော်တိုမစ်တစ်ထိန်းချုပ်ပြီးသား ဖြစ်သွားမယ်။ ဈေးကွက်ကထိန်းချုပ်သွားတာ အစိုးရကဝင်ပြီးတော့ ဘာမှထိန်း ချုပ်စရာမလိုဘူး။ ဆိုတော့ အခုဟာက ရည်ရွယ်ချက်က ကောင်းပါတယ်။ တခြားနိုင်ငံတွေဆိုလည်း ကုန်သွယ်မှုပိုငွေရဖို့ပဲ ရည်မှန်းထားတယ်၊ ဒါပေမယ့်လုပ်တဲ့အလုပ်က တလွဲဖြစ်နေတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ အပြည့်အဝထုတ်လုပ်နိုင်မှုမရှိဘဲ သွင်းကုန်တွေကို ကန့်သတ်လိုက်ပါက တ ကယ်လိုအပ်တဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန်မြင့်တက်လာနိုင်သလို ဈေးကွက်အတွင်း သက် ရောက်မှု ပိုမိုကြီးမားလာနိုင်တယ်လို့ သူကသုံးသပ်တာပါ။

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကလည်း အခုလုပ်ဆောင်ချက်ဟာ ကုန်သွယ်ရေးအားလုံးကို ထိန်း ချုပ်လိုက်တာဖြစ်တဲ့အတွက် ပြည်ပကိုမှီခိုပြီး တင်သွင်းနေရသူတွေအတွက် အခက်အခဲဖြစ်လာမှာ ဖြစ်သလို တရားမဝင်ကုန်သွယ်ရေး ပိုမိုအားကောင်းလာနိုင်တယ်လို့ ပြောပါတယ်။

“ကုန်သွယ်ရေးက အကုန်လုံးကို ထိန်းချုပ်လိုက်ပြီးပေါ့ဗျာ။ ကုန်စည်တွေအကုန်လုံး သူ့ကိုအသိပေးပြီး သူ့ရဲ့ခွင့်ပြုချက်နဲ့သွင်းရမယ်ဆိုတဲ့ သဘောဖြစ်သွားတာပေါ့။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအ နေနဲ့ ဘာဖြစ်လဲဆိုတော့ ဘာမှမထူးပါဘူး။ အရင်ကတည်းကလည်း ဒီလိုပိတ်နေကြပဲ။ ဆိုတော့ စစလုပ်ခြင်းကတော့ ထူးတာပေါ့လေ။ အခုကတော့ သိပ်မထူးတော့ဘူး။ အခုသူ့နည်းသူ့ဟန်နဲ့တော့ သွင်းလို့ရနေတယ်။ လိုင်စင်လျှောက်ပြီးသွင်းဆိုလည်း လိုင်စင်လျှောက်ပြီး သွင်းရမှာပေါ့။ အခုကနယ်စပ်ကုန်သွယ်ရေး တစ်ခုတည်းမဟုတ်ဘူး။ ဒီဒေါ်လာဈေးတွေရော၊ ငွေလဲရတဲ့အခက်အခဲတွေရော၊ ဒီသင်္ဘောမရတာတွေရော ဒီပြဿနာတွေ အားလုံးကြုံရတာပေါ့၊ အခုကပွင့်လင်းရာသီဆိုတော့ နည်းနည်းတော့ ပြည်ပကိုမှီခိုပြီး တင်သွင်းနေရတဲ့သူတွေတော့ ခက်ခဲသွားတာပေါ့။ သွင်းကုန်ပစ္စည်းတွေဆိုရင်တော့ ကုန်စည်ဈေးနှုန်းဟာ မြင့်တက်လာလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံဟာ အရင်ကတည်း က တရားမဝင်ကုန်သွယ်ရေးနဲ့ ယဉ်ပါးနေပြီးသား ဖြစ်တာပေါ့နော်။ တရားမဝင်ကုန်သွယ်ရေးက ပြန်အားကောင်းလာမှာ။ အဲဒါဆိုရင်တော့ လမ်းမှာစောင့်နေတဲ့ဂိတ်တွေ၊ တိုင်းဒေသ အစိုးရတွေအတွက် အဆင်ပြေတာပေါ့လေ။ ကျွန်တော်ပြောတာ ပိတ်သွားတယ်ဆိုပေမယ့် မရဘူးပြောတာမှ မဟုတ် တာ။ အဲဒီလို တရားမဝင်ကုန်သွယ်ရေးက နည်းနည်းအားကောင်းလာတာပေါ့။ အဲဒီသဘော ဖြစ်သွားတာပေါ့”လို့ ဆိုပါတယ်။

သွင်းကုန်ကဏ္ဍကို ကန့်သတ်ဖို့လုပ်ဆောင်တာဟာ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်က ကုန်သွယ်မှုပိုငွေ ၁ ဒသမ ၅ ဘီလီယံရရှိအောင် ရည်မှန်းထားပေမယ့် တကယ့်လက်တွေ့မှာ သန်း ၇၀၀ ကျော် လိုငွေပြခဲ့သလို ဒီနှစ်မှာလည်း ကုန်သွယ်မှုပိုငွေ ၁ ဘီလီယံ ရရှိအောင် ရည်မှန်းထားပေမယ့် ပြီးခဲ့တဲ့ဧပြီလထဲမှာပဲ လိုငွေတွေပြနေတာကြောင့် ကန့်သတ်တာဖြစ်နိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်တာပါ။

စစ်ကောင်စီက ပြည်ပသွင်းကုန်တွေလျော့ချပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေ အားကောင်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပေမယ့်ကုန်ကြမ်းပစ္စည်း တန်ဖိုးအဆမတန်မြင့်တက်နေတာ၊ အထွေထွေကုန်ကျစရိတ် ကြီးမားတာအပြင် လျှပ်စစ်မီးမမှန်တာတွေကြောင့်လည်း ပြည်တွင်းလုပ်ငန်းတွေ လည် ပတ်ဖို့ အခက်ကြုံနေရပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ပြည်ပတင်ပို့မှုမှရရှိလာတဲ့ ပို့ကုန်ဝင်ငွေရဲ့ (၆၅) ရာခိုင်နှုန်းကို စစ်ကောင်စီ ဗဟိုဘဏ်သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမယ်လို့ ညွှန်ကြားထားတာကြောင့် ကုန်သွယ်ရေးကဏ္ဍ ကျဆင်းမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.