မြဝတီ၊ သြဂုတ် ၇
ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်သွားရောက်နေချိန် ထိုင်း-မြန်မာနယ်စပ် မြဝတီတောင်ဘက်ဒေသမှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းဗုံးကြဲတာတွေ ဆက်ရှိနေတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်အောင်လှိုင်ဟာ ဩဂုတ် ၆ ရက်နေ့က ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။
ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးသွားနေချိန် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီတောင်ပိုင်း ဖလူး မင်းလက်ပံဒေသထဲမှာ စစ်တပ်နဲ့ KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့အကြား ဩဂုတ် ၆ ရက်နေ့က တိုက်ပွဲဆက်ဖြစ်နေပါတယ်။
တိုက်ပွဲမှာ အာဏာသိမ်း စစ်တပ်က ဂျက်ဖိုက်တာတိုက်လေယာဉ်နဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖလူးဒေသခံရွာသားတစ်ဦးက ဆိုပါတယ်။
စစ်တပ်ဟာ ဖလူး မင်းလက်ပံဒေသနဲ့ ဝေါ်လေ-မြဝတီ လမ်းပိုင်း ပြန်လည်ရယူထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းတွေအသီးသီးဖြန့်ခွဲကာ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာကြောင့် မင်းလက်ပံ ဖလူးနဲ့ လေးကေကော်မြို့ အနောက်ဘက်တောင်ခြေတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့က မြဝတီ ဒေါနအရှေ့ခြမ်းမှာ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်ကို KNLA တပ်ရင်း ၂၈ ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ခမရ ၂၀၃ တပ်ရင်းက စစ်ကြောင်းတစ်ကြောင်းလုံး ထိခိုက်သေကြေပျက်စီးသွားခဲ့ပါတယ်။
စစ်တပ်ဟာ နေရာစုံကနေ စစ်ကြောင်းထိုးနေတာဖြစ်ပြီး KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် ဩဂုတ်လ ၆ ရက်နေ့အထိ မင်းလက်ပံ ဖလူးဒေသတွေမှာ ရှေ့ဆက်မတိုးနိုင်သေးဘဲ ထိခိုက်သေဆုံးမှုများစွာ ရှိနေခဲ့တာပါ။
မြဝတီတောင်ပိုင်းဒေသမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျားဖြန့်အရေးလည်း ဖြစ်ပေါ်နေတဲ့အချိန် ဩဂုတ် ၄ ရက်နေ့ကလည်း ထိုင်းအာဏာပိုင်တာဝန်ရှိသူတွေက နယ်စပ်ဒေသထဲကို နယ်မြေကွင်းဆင်းလာရောက်ကြည့်ရှုပြီး ကျားဖြန့်အရေးနဲ့ တိုက်ပွဲအရေးတို့ကို ကြည့်ရှုလေ့လာခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

