မော်လမြိုင် ၊ ဩဂုတ် ၇

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်စားခွင်ဖြစ်လာမှုနဲ့အတူ ပြည်သူတွေ သွားရေးလာရေး အခက်ကြုံနေရတဲ့ ဒေသန္တရအမိန့်ကို ပယ်ဖျက်ပေးဖို့ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရထံ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးမှာ စစ်တပ် အာဏာသိမ်းပြီးကတည်းက ပုဒ်မ ၁၄၄ ခေါ်တဲ့ ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပြီး အဲဒီအမိန့်ဟာ စစ်တပ် အသွင်းပြောင်း အစိုးရလက်ထက်မှာလည်း ဆက်လက်ကျင့်သုံးနေတာပါ။

ရေး ဒေသခံ တစ်ဦးကတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်တွေကို ရုပ်သိမ်းစေချင်ကြောင်းနဲ့ အဲဒီအမိန့် ရုပ်သိမ်းမှသာ ပြည်သူတွေ အဆင်ပြေလာမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကကတော့ ကျွန်တော်တို့ ဒီနယ်မြို့ တွေမှာ ရှိနေတဲ့ ညမထွက်ရ အမိန့်ကို ရုပ်သိမ်း စေချင်တာပေါ့ဗျာ။ အဓိက ညပိုင်း ရောင်းဝယ် ဖောက်ကားဖို့ အခြေခံလူတန်းစားတွေအတွက် လက်ဖက်ရည်ဆိုင်တို့ အကြော်ဆိုင်တို့ ပဲပလာတာဆိုင်တို့ အမျိုးမျိုးပေါ့ဗျာ။ အဲဒီဆိုင်လေးတွေ ဖွင့်ပြီးတော့ နည်းနည်းပါးပါး အားလုံးကလည်း တစ်ပိုင်တစ်နိုင် ဝင်ငွေတွေ ပြန်ရလာလို့ ရှိရင် နည်းနည်း အဆင်ပြေလာနိုင်တာပေါ့”လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ မြို့နယ်တိုင်းမှာ အမျိုးသား နှစ်ဦး ဆိုင်ကယ်အတူမစီးရ၊ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်အမိန့်အပါအဝင် လူစုလူဝေး မပြုလုပ်ဖို့ ပုဒ်မ ၁၄၄ လို့ ခေါ်တဲ့ ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒေသန္တရအမိန့် ဖောက်ဖျက်မှု စွပ်စွဲချက်နဲ့ ဒေသခံပြည်သူတွေကို အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းဆီးပြီးနောက် ငွေကြေးအဆမတန် တောင်းခံမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သထုံမြို့ခံ တစ်ဦးကလည်း ညမထွက်ရ အမိန့်ကို အကြောင်းပြပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့က မရှိဆင်းရဲသား ဈေးသည်တွေက အစ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့အပေါ် လွှတ်တော်မှာ ဆွေးနွေး စေလိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကကတော့ ကျွန်တော်တို့မှာ ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း မေတ္တာရပ်ခံတယ်။ အခုဆိုရင် ကျွန်တော်တို့ ည ၁၀ နာရီဆိုရင် မထွက်ရဲတော့ဘူး။မာရှယ်လောဆိုပြီးတော့ အချိန်မတော် ထွက်တယ်ဆိုပြီးတော့ ဖမ်းတာ ဆီးတာ၊ မနက် ၂ နာရီ /၃ နာရီ ဈေးသည်တွေ မရှိဆင်းရဲသား ဈေးသည်တွေ ထွက်လို့ရှိရင် ဖမ်းတာဆီးတာ၊ ကျွန်တော်တို့ဘက်မှာ တော်တော်ဆိုးနေတယ်”လို့ ဆိုပါတယ်။

ဒေသန္တရအမိန့်ကြောင့် ဒေသတွင်းရှိ ပြည်သူတွေဟာ သွားလာလှုပ်ရှားမှုအပါအဝင် နေ့စဉ် မိသားစု ဝမ်းရေးအတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပြီး ဖမ်းဆီးခံရပါက မိသားစု စီးပွားရေးပျက်တဲ့ အခြေအနေတွေအထိ ကြုံနေရပါတယ်။

တဖက်မှာလည်း အာဏာသိမ်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒေသန္တရအမိန့် ဖောက်ဖျက်မှု အကြောင်းပြချက်နဲ့ ဒေသခံ လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေပါတယ်။

ဒေသခံပြည်သူတွေကိုတော့ စစ်တပ် အသွင်းပြောင်း အစိုးရအနေနဲ့ ပြည်သူတွေရဲ့ မိသားစုဘဝတွေ အဆင်ပြေစွာ လှုပ်ရှားသွားလာနိုင်ဖို့ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ကို ရုပ်သိမ်းပေးဖို့ လိုလားနေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.