နေပြည်တော် ၊ ဩဂုတ် ၇

စစ်တပ် အသွင်းပြောင်း အစိုးရနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေတဲ့ ပြည်တွင်းနိုင်ငံရေးကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်မှုနဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးဖို့ ကြိုးပမ်းမှုအားလုံး ချက်ချင်းရပ်တန့်ဖို့ တရုတ်အစိုးရကို မဟာဗျူဟာညှိနှိုင်းရေးအင်အားစု SIF က တောင်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေအပေါ် အလွန်စိုးရိမ်တယ်လို့ ဩဂုတ် ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ SIF ရဲ့ အိတ်ဖွင့်ပေးစာမှာ ထည့်သွင်းဖော်ပြထားတာပါ။

အိမ်နီးချင်းနဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒတွေနဲ့ ဆုံးဖြတ်ချက်တွေက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ငြိမ်ရေးနဲ့ အနာဂတ်လမ်းကြောင်းပေါ် တိုက်ရိုက်သက်ရောက်မှုရှိတာကိုလည်း SIF က အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ဘယ်လိုပုံစံနဲ့မဆို ဝင်ရောက်စွက်ဖက်မှုကနေ ရှောင်ကြဉ်ဖို့နဲ့ ပဋိပက္ခတွေကို ကြာရှည်စေမယ့် လုပ်ဆောင်ချက်တွေ ဆုံးဖြတ်ချက်တွေကို ရပ်တန့်ဖို့ တရုတ်အစိုးရကို တောင်းဆိုထားတာပါ။

မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပြည်ပနိုင်ငံရေးအကျိုးစီးပွားတွေအတွက် အသုံးချမယ့်အစား အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒနဲ့အညီ ဒီမိုကရေစီနည်းလမ်းတွေနဲ့သာ ဆုံးဖြတ်ရမယ်လို့ မဟာဗျူဟာညှိနှိုင်းရေးအင်အားစု SIF က အသိပေးပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုအကျိုးဆက်ကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်တပ်ကို အထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်အစိုးရက ကြားဝင်ညှိနှိုင်းမှုခေါင်းစဉ်နဲ့ စတင် ချဉ်းကပ်လာခဲ့တာပါ။

အဲဒီကနေတဆင့် တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ မြောက်ပိုင်းက အဖွဲ့တချို့ကို တရုတ်အစိုးရက ဖိအားပေးမှုနဲ့ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်မှုတွေကြောင့် အာဏာသိမ်း စစ်တပ်ဟာ နာလန်ထူလာနိုင်ခဲ့ပြီး အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က တရုတ်အစိုးရရဲ့ ထောက်ပံ့မှုနဲ့ အာဏာသိမ်း စစ်တပ်က ဒေသတွင်းမှာပါ နိုင်ငံရေးနဲ့ သံတမန်ရေးတွေမှာ နေရာရလာသလို တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း ပြန်လည်တိုက်ခိုက်လာနိုင်တဲ့ အနေအထားလို့ သုံံးသပ်ပါတယ်။

“စစ်အစိုးရဟာ သူတို့ရဲ့ (တရုတ်) ကိုယ်ပွားအစိုးရပုံစံမျိုးအထိ လုပ်လာနိုင်တယ်။ အဲဒီတော့ တရုတ်ရဲ့ Backup ရလာတဲ့ အနေအထားမှာ စစ်တပ်က လက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ပြိုင်ဘက်ကင်းတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာသလို ဒေသတွင်းမှာပါ နိုင်ငံရေးအရ သံတမန်ရေးအရ နေရာရလာတဲ့ အနေအထားမျိုးကို တွေ့ရတယ်။ အဲဒီတော့ စစ်တပ်က တရုတ်ရဲ့ လက်ဝေခံတပ်တစ်တပ်အဖြစ် သူတို့အသွင်ပြောင်းပြီးခါမှ သူတို့ စစ်တပ် မပျက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ပြန်ပြီးတော့ တိုက်ခိုက်နိုင်တဲ့ အနေအထား ရောက်သွားတာပေါ့။ ပြောရမယ်ဆိုရင် ရှိရင်းစွဲ တိုင်းရင်းသားလက်နက်ကိုင်အခန်းကဏ္ဍကို စစ်တပ်နဲ့ ယာယီကာလကြာ အပစ်ရပ်ပြီး နွေဦးတော်လှန်ရေးကိုပဲ သီးသန့် စစ်ဆင်ရေး ဦးတည်ရန်သူသဖွယ် လုပ်သွားနိုင်တဲ့အခွင့်အရေးမျိုးတွေ ရလာတယ်”လို့ ဆိုပါတယ်။

တစ်ဘက်မှာ နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ တရုတ်နဲ့ နီးစပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အအစည်းတွေကို အားကိုးအားထားပြုနေရတဲ့အတွက် တော်လှန်ရေးခရီးဟာ လိုရာမရောက်တာလို့ သူက ထောက်ပြပါတယ်။

ISP-Myanmar ရဲ့ အချက်အလက်တွေအရ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပေါင်း ၁၀၁ မြိုကို စစ်တပ်က လက်လွှတ်ခဲ့ရပေမယ့် ၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ၂၂ မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေထဲက လားရှိုး၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြန်ရခဲ့တာဖြစ်ပြီး ကျန် ၁၉ မြို့ကိုတော့ စစ်ရေးအရ တိုက်ခိုက်သိမ်းယူခဲ့တာပါ။

မဟာဗျူဟာညှိနှိုင်းရေးအင်အားစု SIF ကတော့ စစ်တပ် အသွင်းပြောင်း အစိုးရဟာ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေနဲ့ ကုန်ကြမ်းတွေကို သက်သာတဲ့ ဈေးနှုန်းတွေနဲ့ တရုတ်နိုင်ငံကို နည်းလမ်းအမျိုးမျိုးနဲ့ တင်ပို့ရောင်းချနေတာဟာ လုံးဝ လက်ခံနိုင်စရာမရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် မြစ်ဆုံဆည်စီမံကိန်း ပြန်လည်စတင်ဖို့ တရုတ်အစိုးရနဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးတာဟာ မြန်မာလူထုတစ်ရပ်လုံးရဲ့ ဆန့်ကျင်ကန့်ကွက်မှုကို လျစ်လျူရှုပြီး နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တာလို့ အိတ်ဖွင့်ပေးစာမှာ အသိပေးထားတာပါ။

BRI စီမံကိန်းတွေနဲ့ အခြားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုတွေ အ‌ကောင်အထည်ဖော်ရာမှာ သဘာဝအရင်းအမြစ်တွေနဲ့ မြေရှားသတ္တုတွေ ထုတ်ယူတာဟာ လူထုရဲ့ သဘောတူညီမှု အပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးရမယ်လို့ SIF က ဆိုပါတယ်။

လက်ရှိ နိုင်ငံရေးအကျပ်အတည်းကာလအတွင်း ပြည်သူလူထုရဲ့ သဘောတူညီချက်မပါဘဲ အဲဒီလိုမျိုး စီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်တာဟာ ယုံကြည်မှုကို ယိုယွင်းစေပြီး ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေနိုင်တယ်လို့ သတိပေးထားတာ တွေ့ရပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံယုံကြည်မှုကို ထိခိုက်စေသလို ဒေသတွင်းတည်ငြိမ်ရေးကို အန္တရာယ်ဖြစ်စေတာကြောင့် အရင်းအမြစ်ထုတ်ယူမှုနဲ့ စီမံကိန်းအကောင်အထည်ဖော်မှုတွေမှာ စစ်အစိုးရနဲ့ ပူးပေါင်းကြံစည်တဲ့ ခရိုနီတွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးကိုလည်း SIF က ပြတ်သားစွာ ရှုတ်ချထားတာပါ။

တစ်ဘက်မှာ ပြီးခဲ့တဲ့ ဇွန်ပထမပတ်အတွင်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ သူလျှိုမှုစွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ISP-Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို နိုင်ငံတကာဥပဒေနဲ့ လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ပြန်လည်သုံးသပ်ကာ သင့်လျော်တဲ့ ဖြေရှင်းချက်ပေးဖို့ တောင်းဆိုထားပါသေးတယ်။

ဒါ့အပြင် ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေကို ပိုမိုဆိုးရွားစေမယ့် ငွေကြေးအကျိုးစီးပွားကို ဦးစားပေးတဲ့ BRI စီမံကိန်းတွေနဲ့ မြေရှားသတ္တုတူးဖော်ရေး အပါအဝင် စီးပွားရေးဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို ရပ်တန့်ဖို့လည်း တောင်းဆိုထားတာ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေရဲ့ ဆန္ဒအပေါ် အခြေခံတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရည်ရွယ်တဲ့ နိုင်ငံရေးဖြေရှင်းချက်တွေကို အပြုသဘောဆောင် အားပေးထောက်ခံဖို့ SIF က တရုတ်အစိုးရကို အိတ်ဖွင့်ပေးစာမှာ တိုက်တွန်းထားတာ တွေ့ရပါတယ်။

မဟာဗျူဟာညှိနှိုင်းရေးအင်အားစု SIF ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေနဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ သပိတ်ကော်မတီတွေအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေကို အဓိက စုစည်းထားတဲ့ နိုင်ငံရေးမဟာမိတ်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-HOS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.