မော်လမြိုင်၊ သြဂုတ် ၆

နိုင်ငံတကာရဲ့ ထောက်ခံမှုရရှိရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေးကွန်ယက်တစ်ခု စတင်လှုပ်ရှားမှာဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေးကွန်ရက် Karen Worldwide Advocacy Network က သတင်းထုတ်ပြန်ပါတယ်။

ကရင်လူမျိုးတွေအတွက် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုတွေ ပိုမိုရရှိစေဖို့၊ ကရင်လူမျိုးတို့ရဲ့ မူလနယ်မြေဖြစ်တဲ့ ကော်သူးလေမှာ အခွင့်အရေးနဲ့ ကာကွယ်စောင့်ရှောက်မှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းရေးတို့ကို အာမခံချက်ရှိစေဖို့ ရည်ရွယ်တာပါ။

ဒါကြောင့် မြန်မာနိုင်ငံတစ်ဝန်းနဲ့ ကမ္ဘာတစ်ဝန်းရှိ ကရင်လူမျိုးတွေရဲ့ အခွင့်အရေးနဲ့ ကာကွယ်စောင့်ရှောက်မှုတွေအတွက် စည်းရုံးလှုံ့ဆော်ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး Karen Worldwide Advocacy Network(KWAN) ကို ဖွဲ့စည်းတည်ထောင်ထားတာပါ။

ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေးကွန်ရက်ကို ကမ္ဘာတစ်ဝန်းရှိ ကရင်အသိုင်းအဝိုင်းတွေ၊ မြန်မာနိုင်ငံ၊ ကော်သူးလေနဲ့ နိုင်ငံတကာရှိ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေ ကရင့်အရေးလှုပ်ရှားဆောင်ရွက်သူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ကရင်အသိုင်းအဝိုင်း အခြေပြုအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ဥရောပနိုင်ငံတွေအတွင်းနဲ့ မြောက်အမေရိကရှိ ကရင်အသိုင်းအဝိုင်းတွေ အာရှ-ပစိတ်ဖတ်ဒေသရှိ ကရင်အသိုင်းအဝိုင်းတွေဆိုတဲ့ ဒေသ ၄ ခုက ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရယူနိုင်ရေးနဲ့ ပံ့ပိုးကူညီရေး၊ နိုင်ငံရေးအရ အသိအမှတ်ပြုခံရရေးနဲ့ ပါဝင်ခွင့်ရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုစနစ်ကို အားပေးမြှင့်တင်ရေး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ အွန်လိုင်းလိမ်လည်လှည့်ဖျားမှု လုပ်ငန်းတွေကို တိုက်ဖျက်ရေး ဆိုတဲ့ ရည်မှန်းချက် ၇ ချက်ကို သဘောတူညီထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေးကွန်ရက်အဖွဲ့က လက်ရှိလုပ်ဆောင်လိုတဲ့ ဦးစားပေးကိစ္စရပ်တွေမှာ မြန်မာစစ်တပ်ထံက လက်နက်၊ စစ်ဘက်ဆိုင်ရာပစ္စည်းနဲ့ ငွေကြေးရောက်ရှိမှုကို လျှော့ချနိုင်ရေးအတွက် နိုင်ငံတကာအဆင့် တိုက်တွန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒေသတွင်းအရပ်ဘက်လူမှုအဖွဲ့အစည်း ကွန်ရက်တွေကနေတစ်ဆင့် ကော်သူးလေဒေသရှိ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ၁ သန်းကျော်အတွက် အကူအညီတွေ တိုးမြှင့်ပေးအပ်ရေးအတွက် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုက်အဝိုင်းက အာဏာသိမ်းစစ်အုပ်စုရဲ့ တရားဝင်မှုကို အသိအမှတ်မပြုရေးကို တိုးမြှင့်ဆောင်ရွက်တာ၊ တရားမျှတမှုမဲ့ တာဝန်ခံမှုရှိစေရေး၊ ပြစ်မှုကျူးလွန်သူတွေ အပြစ်ပေးမခံရဘဲ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုကို အသုံးသတ်ရေး၊ ကရင်လူမျိုးတွေနေထိုင်ရာ နိုင်ငံတွေမှာ နိုင်ငံတကာဆိုင်ရာ တရားစီရင်ပိုင်ခွင့် ကျင့်သုံးနိုင်ခြေကို လေ့လာစူးစမ်းတာတို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.