မော်လမြိုင်၊ သြဂုတ် ၆
မွန်ပြည်နယ်ရဲ့ တစ်ကျော့ပြန် စက်သုံးဆီ ပြတ်လပ်မှု အကျပ်အတည်းမှာ စက်သုံးဆီ အရောင်းဆိုင်ကြီးတွေဟာ စက်သုံးဆီတွေကို မှောင်ခိုဈေးနှုန်းနဲ့ ရောင်းချပြီး အကျိုးအမြတ် အများအပြား ရရှိနေပါတယ်။
စက်သုံးဆီ အရောင်းဆိုင်ကြီးတွေဟာ စက်သုံးဆီ အကန့်အသတ်နဲ့သာ ရရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညဘက်အချိန် ဆီရောင်းချမှု ပိတ်သိမ်းတာ၊ နေ့ဘက်အချိန်တွေမှာလည်း ဆီကုန်ပြီးဆိုကာ အရောင်းပိတ်တာတွေ ရှိနေတာပါ။
သံလွင်တိုင်းမ်ရဲ့ စက်သုံးဆီ သတင်းရင်းမြစ် တစ်ဦးကတော့ ဒီပြဿနာဟာ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရရဲ့ စက်သုံးဆီ ခွဲတမ်း လျော့ချမှုအပေါ် အခွင့်အကောင်းယူပြီး လုပ်စားနေတာလို့ ဆိုပါတယ်။
စက်သုံးဆီ အရောင်းဆိုင်ကြီးတွေဟာ အစိုးရရဲ့ ညွှန်ကြားချက်ဆိုကာ စက်သုံးဆီကို မော်တော်ယာဉ်အလိုက် တစ်ပတ်လျှင် နှစ်ကြိမ်သာ ရောင်းချပေးနေပေမယ့် မှောင်ခိုဈေးကွက်ထဲကိုတော့ ပုံးကြီး၊ပုံးငယ်အပြင် ပေပါ အလိုက် လိုသလောက် ရောင်းချပေးပြီး အကျိုးအမြတ် အများအပြား ရယူနေတာပါ။
သံလွင်တိုင်းမ်ကို သတင်းပေးပို့ခဲ့တဲ့ ဒေသခံ တစ်ဦးက သူဟာ မော်လမြိုင်ကနေ သထုံ ပြန်ဖို့ စက်သုံးဆီ မရှိတာကြောင့် စက်သုံးဆီ အရောင်းဆိုင်ကြီး သုံးဆိုင်မှာ ဆိုင်ကယ်ဆီအတွက် စက်သုံးဆီ ၅၀၀၀ ဖိုးသာ ရောင်းချပေးဖို့ အကူအညီ တောင်းခံခဲ့ပေမယ့် QR Code စနစ်ကြောင့် မရောင်းချပေးနိုင်ကြောင်း ငြင်းဆိုလိုက်ပြီး အဲဒီစက်သုံးဆီဆိုင်တွေရဲ့ အတွင်းထဲမှာတော့ စက်သုံးဆီတွေကို ပုံးကြီး၊ပုံငယ်အလိုက် ထည့်ပြီး ရောင်းချပေးနေတာကို မြင်တွေ့ရတယ်လို့ ပြောလာပါတယ်။
ဇူလိုင် ၆ ရက်နေ့ ရက်စွဲနဲ့ စစ်တပ် အသွင်းပြောင်း အစိုးရ သတ်မှတ်တဲ့ မွန်ပြည်နယ်ရဲ့ စက်သုံးဆီဈေးနှုန်းအရ 92 ဓာတ်ဆီ တစ်လီတာ ၃၈၅၅ ကျပ် ၊ 95 ဓာတ်ဆီ တစ်လီတာ ၃၉၄၀ ကျပ် ၊ ပရီမီယံ ဒီဇယ်ဆီ တစ်လီတာ ၅၀၉၅ ကျပ် သတ်မှတ်ထားပါတယ်။
ဒါပေမယ့် စက်သုံးဆီ အရောင်းဆိုင်ကြီးတွေရဲ့ မှောင်ခိုဈေးကွက် ရောင်းချမှုမှာတော့ စက်သုံးဆီ တစ်လီတာကို အနည်းဆုံး ကျပ် ၅၅၀၀ ကနေ ကျပ် ၇၅၀၀ အထိ ဈေးတင်ရောင်းချနေပြီး တစ်လီတာကို ကျပ် ၁၅၀၀ ကနေ ကျပ် ၃၅၀၀ အထိ အကျိုးအမြတ် ရယူနေတာပါ။
သင်္ချာနည်းအရ စက်သုံးဆီ ဂါလံ ၂၅,၀၀၀၊ လီတာ အားဖြင့် ၁၁၂,၅၀၀ လီတာ မှောင်ခိုရောင်းချမှုကနေ အနည်းဆုံး သိန်း တစ်ထောင်ကနေ သိန်း သုံးထောင်ကျော်အထိ အကျိုးအမြတ် ရရှိနိုင်ပါတယ်။
စက်သုံးဆီ မှောင်ခိုဈေးကွက် ပြဿနာဟာ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ အစိုးရအဖွဲ့ ဝန်ကြီးတွေအပါအဝင် လက်ရှိ မွန်ပြည်နယ် စက်သုံးဆီ လုပ်ငန်းရှင်အသင်း ယာယီ ဥက္ကဋ္ဌ ဦးထွန်းလွင်တို့အပေါ် တာဝန်ရှိနေတာပါ။
အမည်မဖော်လိုတဲ့ မွန်ဒေသခံ တစ်ဦးက စက်သုံးဆီ ပြတ်လပ်မှုဟာ မွန်ပြည်နယ်မှာသာ ဖြစ်ပွားနေတာကြောင့် ဒီမိုကရေစီအစိုးရလို့ ခံယူထားတဲ့ အစိုးရအနေနဲ့ နေ့မအိပ် ညမအိပ် ဖြေရှင်းရမယ့် ကိစ္စသာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
ဒါ့အပြင် စက်သုံးဆီ ပြတ်လပ်မှု ပြဿနာကို မဖြေရှင်းတဲ့ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရဟာ လူထုအပေါ် ထားရှိတဲ့ စိတ်ရင်းစေတနာအမှန်နဲ့ သူတို့ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုအပေါ် သက်သေပြနေတယ်လို့ သူက ဆက်ပြောပါတယ်။
စက်သုံးဆီ ပြတ်လပ်မှုနဲ့ ဝယ်ယူရလို့ မရတဲ့ အခက်အခဲကို အခြေခံပြည်သူတွေနဲ့ ခရီးဝေးသွားပြီး အလုပ်လုပ်ကိုင် စားသောက်နေရတဲ့ အရပ်သားပြည်သူတွေအပေါ် အပြင်းအထန်ဆုံး ရိုက်ခတ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
ပေါင်မြို့နယ်ကနေ မုဒုံမြို့ကို နေ့စဉ် အလုပ်သွားနေတဲ့ ဒေသခံ လူငယ် တစ်ဦးကတော့ တစ်ပတ်လျှင် စက်သုံးဆီ ၈ လီတာသာ ရရှိနေတဲ့အတွက် အလုပ်သွားလုပ်ဖို့ အဆင်မပြေတော့သလို မှောင်ခိုစက်သုံးဆီဖိုးကြောင့် မိသားစု ဝမ်းရေးပြဿနာနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့ကစလို့ ဆိုင်ကယ် တစ်စီးလျှင် တစ်ပတ် စက်သုံးဆီ ၈ လီတာ၊ သုံးဘီးဆိုင်ကယ် ၂၅ လီတာ၊ ထရော်လာဂျီက ၃၀ လီတာ၊ အိမ်စီးကား ၂၀၀၀ စီစီအထိ ၃၅ လီတာ၊ ၂၀၀၀ စီစီအထက်ကနေ ၃၀၀၀ စီစီ အထိကို ၄၀ လီတာ သတ်မှတ်ထားပါတယ်။
စက်သုံးဆီ မှောင်ခိုဈေးကွက်ထဲမှာတော့ စက်သုံးဆီ လုပ်ငန်းရှင်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြီးအကဲတချို့ပါ ပါဝင်နေပြီး စက်သုံးဆီ အရောင်းဆိုင် မန်နေဂျာနဲ့ အရောင်းဆိုင် တာဝန်ခံတွေက ပါဝင်ကူညီပေးနေတယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ဟာ စက်သုံးဆီ ရှားပါးပြတ်လပ်မှုကနေ သိန်း ထောင်ချီ ဝင်ငွေရနေတယ်လို့ ပြောဆိုတာတွေ ရှိနေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့က ကျိုက်ထိုမြို့နယ်က “ထက်” စက်သုံးဆီအရောင်းဆိုင်၊ ဇူလိုင် ၂၃ ရက်နေ့က မော်လမြိုင်မြို့ စက်မှုဇုန်ရပ်ရှိ “ပြည်စိုးမိုး” စက်သုံးဆီအရောင်းဆိုင်တို့ကို စက်သုံးဆီ မှောင်ခိုရောင်းချမှုနဲ့ ဆိုင်ပိတ် အရေးယူမှုတွေ ဟန်ပြလုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမယ့် ပြည်သူလူထု အကျပ်အတည်း ပိုမို ဆိုက်ရောက်စေတဲ့ မှောင်ခိုဈေးကွက်ထဲက စက်သုံးဆီ အရောင်းကြီးတွေကိုတော့ အရေးယူဆောင်ရွက်မှုတွေ မလုပ်ဘဲ လက်ရှောင်နေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်ဟာ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခွင့်ကိုတော့ မုဒုံမြို့နယ် ကတုံးပေါ် ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းကနေ တင်ဒါအောင်မြင်ထားတဲ့ Myanmar Energy King ကုမ္ပဏီနဲ့ Ya Zar Min Industry ကုမ္ပဏီတို့က ရရှိထားပါတယ်။
ဒါပေမယ့် မွန်ပြည်နယ်ဟာ တခြားတိုင်းနဲ့ပြည်နယ်တို့ထက် နှိုင်းယှဉ်ရင် စက်သုံးဆီကို ဈေးနှုန်း ပိုပေးပြီး သုံးစွဲနေရသလို ပြည်နယ်အတွင်း ဖြန့်ဝေရောင်းချနေတဲ့ 92 ၊ 95 ဓာတ်ဆီတွေကလည်း အရည်အသွေး မပြည့်မီဘူးလို့ စက်သုံးဆီ လုပ်ငန်းရှင် အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။
ဒေသခံတွေကတော့ စက်သုံးဆီ ပြတ်လပ်မှုကို ဒီမိုကရေစီအစိုးရလို့ ခံယူထားတဲ့ အစိုးရအနေနဲ့ ပြည်သူလူထု အခက်အခဲအတွက် မဖြစ်မနေ မူဝါဒတစ်ရပ် ချမှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

