ဘန်ကောက် ဩဂုတ် ၆
ဩဂုတ် ၆ ရက်မှာ ထိုင်းနိုင်ငံက အရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့က ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး အသွင်ပြောင်းသမ္မတအဖြစ် ရာထူးယူထားတဲ့ မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ တရားဝင်ခရီးစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။
Solidarity Collective TH နဲ့ Spirit in Education Movement (SEM) ဦးဆောင်တဲ့ အဖွဲ့တွေက ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်အစိုးရအဖွဲ့ကို အကျိုးဖြစ်စေတဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့၊ စစ်ခေါင်းဆောင်ပိုင်းကို နိုင်ငံတကာမှာ တရားဝင်မှုရအောင် လုပ်ပေးတဲ့ လုပ်ရပ်မျိုး မလုပ်ဖို့ တိုက်တွန်းထားပါတယ်။
ပူးတွဲကြေညာချက်ထဲမှာတော့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရအဖွဲ့ဟာ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ထားပြီး စစ်ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံနေရတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် စစ်ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ ဒေသတွင်း တည်ငြိမ်ရေးကို အထောက်အကူပြုမှာ မဟုတ်ဘဲ မြန်မာနိုင်ငံက ပဋိပက္ခကို ပိုပြီး ရှည်ကြာစေမယ်လို့လည်း အဲဒီအဖွဲ့တွေက သတိပေးပါတယ်။
ဒါ့အပြင် ထိုင်းအစိုးရအနေနဲ့—
* မြန်မာစစ်အာဏာပိုင်တွေကို အကျိုးဖြစ်စေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်ဖို့၊
* ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ အကာအကွယ်တွေကို ပိုမိုမြှင့်တင်ပေးဖို့၊
* မြန်မာပြည်သူတွေဆီကို လွတ်လပ်တဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို တိုးချဲ့ပေးဖို့၊
* စစ်အစိုးရအဖွဲ့ရဲ့ တရားဝင်မှုကို အသိအမှတ်မပြုဖို့နဲ့
* အကြမ်းဖက်မှုတွေ မရပ်တန့်သေးသရွေ့၊ ဒီမိုကရေစီစနစ် ပြန်မရသေးသရွေ့ မြန်မာစစ်အစိုးရကို အာဆီယံအဖွဲ့ထဲ အပြည့်အဝ ပြန်လည်လက်ခံတာကို ဆန့်ကျင်ဖို့ တောင်းဆိုထားပါတယ်။
အဖွဲ့အစည်းတွေကတော့ “ထိုင်းနိုင်ငံအနေနဲ့ အကြမ်းဖက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေရဲ့ဘက်မှာ မရပ်ဘဲ မြန်မာပြည်သူတွေရဲ့ဘက်မှာ ရပ်တည်သင့်တယ်” လို့လည်း ပူးတွဲကြေညာချက်ထဲမှာ အလေးအနက် ပြောကြားထားပါတယ်။
Ref:khaosodenglish

