ထီးလင်း – မေ(၅)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က (၇) ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ Yaw Revolution Army က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ(၄) ရက်နေ့က အင်အား(၁၄၀) ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို အောင်းမြောက် ရွာအနီးတဝိုက်မှာ ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။

“ပူးပေါင်းတပ်တွေက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ခုနှစ်ဦးသေဆုံးနိုင်ပြီး ဒဏ်ရာရ တာများပါတယ်။ ဂျက်ဖိုက်တာဝဲလာတာကြောင့် တိုက်ပွဲကိုရပ်နားခဲ့ရတယ်။” လို့ YRA ထီးလင်းက ဗိုလ်ယောနိုင်က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲကြာမြင့်ချိန် မိနစ်(၂၀) ဝန်းကျင်ရှိပြီး ဂျက်ဖိုက်တာလာချိန်မှာ ရဲဘော်တွေ ဆုတ်ခွာ ခဲ့ပြီး ဆုတ်ခွာနေချိန်မှာလည်း လက်နက်ကြီးပစ်ကူပေးခဲ့တဲ့အတွက် စစ်ကောင်စီ တပ်သားတွေ စုဝေး ရာနေရာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထပ်တိုးထိခိုက်မှုတွေ ရှိနိုင်တယ်လို့လည်း သူကပြော ပါသေးတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလ(၁) ရက်နေ့က ကျောက်ထုက ထွက်လာတဲ့ အင်အား(၇၀) နဲ့ ရွှေအောင်သာ အထိုင်တပ်က အင်အား(၆၀) ကျော် ပူးပေါင်းထားတာဖြစ်ပြီး အောင်းရွာကို မေလ(၄) ရက်နေ့က စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်တပ်ရင်း ၁၅/၁၆/၁၇ – YRA ထီးလင်းနဲ့ ဂန့်ဂေါခရိုင်တပ်ရင်း (၁၈) – YNRF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နှစ်ဘက်စစ်ရေးတင်းမာနေတာကြောင့် ထီးလင်းမြို့နယ်နဲ့ ငါးမိုင်အတွင်း တစ်ရွာနဲ့ တစ်ရွာ သွားလာတာတွေမပြုလုပ်ကြဖို့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြည်သူတွေ ကိုအသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – YRA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.