ဒီးမော့ဆို – (၅)

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်နဲ့ နီးတဲ့ ဒီးမော့ဆိုမြို့နယ်ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့အတွက် သာလွန်စစ်ကြောင်း၊လက်နက်ကြီးပစ်ကူ၊အတွဲလိုက်ဒုံးတွေအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ နေ့စဉ်နီးပါး လုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲက စစ်ကောင်စီဟာ ရှမ်း-ကယားနယ်စပ်ဘက်က စစ်ကြောင်း(၄) ကြောင်း၊ လွိုင်ကော်-ဘော်လခဲဘက်ကနေ စစ်ကြောင်း(၃) ကြောင်း နဲ့ စုစုပေါင်းစစ်ကြောင်း(၇) ကြောင်း လောက်နဲ့ ဒီးမော့ဆိုကို ဝင်ရောက်ဖို့ ကြိုးစားလာတာပါ။

စစ်ကောင်စီရဲ့ အမြောက်တပ်(၃) တပ်ကနေလည်း လွန်ခဲ့တဲ့ (၅) ရက်နေ့ကစပြိး ဒီးမော့ဆို မြို့နယ် ထဲကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေသလို တိုက်ပွဲအတွင်း ပစ်ကူတဲ့နေတွေမှာ ၁၂၀(မမ) အလုံးရေ တစ်ရာကျော်အထိပစ်ခတ်တာတွေရှိတယ်လို့ KNDF က ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် ဒီးမော့ဆိုမြို့ဟာ အရေးပါတာကြောင့် လက်မလွှတ်ရ အောင် ပြည်သူတွေပူးပေါင်းကူညီပေးကြဖို့ လိုအပ်တယ်လို့ KNDF တပ်မဟာ(၆) ဗျူဟာမှူး ခူးရီးဒူ က ပြောပါတယ်။

“ဒီမော့ဆိုသည် အဓိကကျတဲ့နေရာဖြစ်တယ်။ကြည့်ရမယ်ဆိုလို့ရှိရင် ရှားတောနဲ့လည်း ဆက်စပ် တယ်။ဘော်လခဲနဲ့လည်း ဆက်စပ်တယ်။လွိုင်ကော်နဲ့လည်းထိစပ်တယ် ပြီးတော့ ဖရုဆိုနဲ့လည်း ထိစပ်တယ်။ကျွန်တော်တို့ဒီမော့ဆိုကိုကျသွားမယ်ဆိုလို့ရှိရင်တော့ ကျန်တဲ့နယ်မြေဒေသတွေမှာ ပါကျွန်တော်တို့ နေနိုင်ဖို့ သွားလာလှုပ်ရှားနိုင်ဖို့ တော်တော်လေး အခက်အခဲ ဖြစ်သွားမှာပေါ့လေ ။ဆိုတော့ ကျွန်တော်တို့ စစ်ကောင်စီကို ဆက်လက်တွန်းလှန်နိုင်ဖို့သူတို့နေရာအထိပြန်ပို့နိုင်ဖို့ဆိုတာ အားလုံးရဲ့ပူးပေါင်းပါဝင်မှု အားလုံးရဲ့ပံ့ပိုးကူညီမှုကို ကျွန်တော်တို့လိုအပ်ပါတယ်။” လို့ သူက ပြော ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်က တိုက်ပွဲတွေမှာတော့ စစ်ကောင်စီဘက်က ဒီးမော့ဆိုအနောက်ဘက်ခြမ်း ကနေ ဆုတ်ခွာထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ နေ့စဉ်လိုလိုပစ်ခတ်နေတဲ့ လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ဘေးရှောင်စခန်းတွေနားကို ကျရောက်ပေါက်ကွဲတာတွေ ရှိနေတဲ့အတွက် စစ်ဘေးရှောင်တွေဟာ ပိုဝေးတဲ့ တောတောင်တွေထဲကို ပြောင်းရွှေ့နေထိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူ တွေက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ တိုက်ပွဲဖြစ်ပွားမှုတွေမရှိချိန်မှာလည်း ဒီးမော့ဆို မြို့နယ်ထဲကို ရည်ရွယ်ချက်ရှိရှိဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ တစ်လတည်းမှာပဲ စစ်ကောင်စီဟာ ကယားပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ်(၁၀၀) ကျော်လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.