ဖယ်ခုံ – မတ်(၃)
ထိုင်းနိုင်ငံနဲ့ ကယားပြည်နယ် နယ်စပ်မှာရှိတဲ့ စစ်ကောင်စီ တောင်ကုန်းပွိုင့်အမှတ်(၁၄၄၁) စခန်း (၁) ကို ကရင်နီတပ်မတော်နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်(၅)စင်းအသုံးပြုပြီးလာရောက်ပစ်ခတ်နေလို့ ပြန်လည်ဆုတ်ခွာပေးထားရတယ်လို့ ကရင်နီစစ်ရေးသတင်းအချက်အလက်စင်တာ KMIC ကသံလွင်တိုင်းမ်ကိုပြောပါတယ်။
အဲဒီတောင်ကုန်းပွိုင့်မှာ စစ်ကောင်စီက စခန်းကုန်းနှစ်ခု အထိုင်ချထားတာဖြစ်ပြီး BP-12 ကောက်ကောက်စခန်းအနီးက ခ.လ.ရ-၁၃၅၊ခ.လ.ရ-၅၄ နဲ့ အမြောက်တပ်-၃၆၀ တို့ အထိုင်ချ ထားတဲ့ ပထမစခန်းကုန်းကို KA နဲ့ KNDF တို့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၇) ရက်နေ့က စစ်ကောင်စီစခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် မိနစ်ပိုင်းအတွင်းစခန်းကို လက်ဝယ်ရရှိကာ စခန်းအတွင်း စစ်ကောင်စီတပ်သား အလောင်း (၁၀) လောင်း၊၁၂၀(မမ) လက်နက်ကြီးတစ်လက်၊၉(မမ) တစ်လက်၊RPG (၇) တစ်လက်၊ငါးကြင်းမြီး စက်လက်(၁)လက်၊အမ်အေ-၂ သုံးလက်၊အမ်အေ-၄ တစ်လက်၊ အမျိုးအစားမသိရသေးတဲ့ လက်နက်(၂)လက်၊ဗုံးသီးနဲ့ ကျည်ဆံတွေသိမ်းဆည်းရမိခဲ့တယ်လို့ KMIC ကဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ စခန်းမှာ စစ်ကောင်စီ ခ.လ.ရ -၁၃၅ ကအင်အား (၂၀)၊ခ.လ.ရ-၅၄ ကအင်အား(၅၀) နဲ့ အမြောက်တပ်က အင်အား(၁၀) ဦးအထိုင်ချနေတဲ့ စခန်း ဖြစ်တယ်လို့ သိရပါတယ်။
“တိုက်ခိုက်တယ်ဆိုတာက အတွင်းဘက်မှာက တအားရှုပ်ထွေးနေတော့ အပြင်ဘက်မှာသူတို့ အင်အားမဖြန့်ကျဲနိုင်ဘူး။ဖြန့်နိုင်ရင်တောင်မှ သူတို့ ပြန်စုပြီးတော့မှ အဲ့လိုအရေးပါတဲ့ကုန်း တွေမှာစုပြီးတော့နေတယ်။နောက်ပြီးတော့မှရိက္ခာတွေဘာတွေပို့တာ သူတို့အတွက်ပိုပြီးခက်ခဲ လာတယ်။ ဆိုတော့အဲဒီအချိန်မှာပဲ ကျွန်တော်တို့ကလည်း အခွင့်ကောင်းယူပြီး သူတို့အင်အား ပိုပြီးချိနဲ့လာအောင် သူတို့စိတ်ဓာတ်ကျဆင်းလာအောင် တိုက်ယူရခြင်းဖြစ်တာပေါ့။” လို့ KMIC သတင်းပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ကယားပြည်နယ်အတွင်းကနေ နယ်စပ်စခန်းတချို့မှာ အထိုင်ချဖို့ လုပ်ဆောင်လာတဲ့အတွက် အခုလိုတိုက်ခိုက်တာ ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
စစ်ကောင်စီစခန်းကုန်း သိမ်းပိုက်မှုအတွင်း KAနဲ့ KNDF ပူးပေါင်းတပ်ဘက်က ရဲဘော်တချို့ ကျဆုံးမှုတွေ ရှိခဲ့ပြီး (၁၅) ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်(၅)စီးအသုံးပြုပြီး (၃) ကြိမ်တိုင်တိုင်လာရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။
၂၀၂၃ ခုနှစ် ပထမ(၂) လအတွင်း ထိုင်း-ကယားနယ်စပ်အနီးမှာ တိုက်ပွဲ(၇) ကြိမ်လောက်ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီဘက်က (၄၀) ကျော်သေဆုံးထားသလို ဒဏ်ရာရရှိသူ (၂၀) ကျော်ရှိတယ်လို့ KA ကပြုစုထားတဲ့ အချက်အလက်တွေမှာဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

