ချစ်သူအတွက် ကျည်ကာအင်္ကျီလေး Valentine’s Day မှာ ပေးချင်ပေမယ့် နောက်ကျခဲ့ပြီ

0
10474

သံလွင်တိုင်းမ်/ ထက်ထက်အောင်

ဆောင်းနေ့လည်ခင်း  နေရောင်ကြည်ကြည်လင်လင်အောက်မှာ ယောက်ကျားပီပီသသ မုတ်ဆိတ်မွေး ပါးသိုင်းမွေးတွေနဲ့ ခံ့ခံ့ညားညားမျက်နှာ၊ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းပိုင်ရှင် အမျိုသားတစ်ဦးဟာ ကလေးငယ်တစ်ယောက်လို လက်ဖဝါးထဲ မျက်နှာထည့်ပြီး ရှိုက်ကြီးတငင် ငိုနေပါတယ်။

သူရှိုက်ငိုနေရင်း ဗလုံးပ‌ထွေးပြောလိုက်တဲ့စကားက မိုးမိုးရေ တဲ့။

ကရင်လို မိုးမိုး(အမေ)လို့ သူခေါ် လိုက်တာက တကယ်တော့ သူ့မိခင်မဟုတ်ပါဘူး။ ရဲဘော်တွေကို မိခင်သဖွယ် စောင့်ရှောက်ထောက်ပံ့ပေးရင်း စစ်ကောင်စီလက်ချက်ကြောင့် အသက်ပေးသွားရတဲ့ သူ့ချစ်သူမိန်းကလေးကို တမ်းတရင်း ငိုမိတဲ့စကားလုံးပါ။

သူကတော့တောင်ပိုင်းမုဆိုးလို့ လူသိများတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးပဲဖြစ်ပါတယ်။ “ကျွန်တော် စစ်ကောင်စီကို အမဲလိုက်တဲ့နေ့ကကစပြီး ကိုယ့်ကိုကိုယ် တောင်ပိုင်းမုဆိုးလို့ နာမည်ပေးလိုက်တာ”လို့ သူကဆိုပါတယ်။ ဧရာဝတီတိုင်းမှာမွေးပြီး ကရင်ပြည်နယ် မြဝတီမြို့မှာ ကြီးပြင်းခဲ့လို့ တောင်ပိုင်းတိုင်းကို ချစ်စိတ်နဲ့ ဒီနာမည်ကို ပေးတာလို့သူက ပြောပါတယ်။

တကယ်တော့ တောင်းပိုင်းမုဆိုးရဲ့ မူရင်းဇာတ်ရုပ်က ဒီအသွင်အပြင်မဟုတ်ပါဘူး။ သီချင်းဆိုရင်း အနုပညာအလုပ်တွေကို လုပ်ပြီး အေးဆေးစွာဘဝကို ဖြတ်သန်းနေထိုင်တဲ့ သူ့ကို သားကောင်ကိုရှာဖွေသုတ်သင်မယ့် မုဆိုးတစ်ယောက်လို့ စိတ်ဓာတ်မွေးပြီး သေနတ်ကိုင်ဖြစ်အောင် ပြောင်းလဲတွန်းပို့လိုက်တာကတော့  စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။

သားကောင်လိုက်မယ့် မုဆိုးရဲ့ ခြေလှမ်းအစ

မိုက်ကရိုဖုန်းကိုင်ရမယ့်လက်ကို လက်သုံးချောင်းထောင်ပြီး ဟန်းစပီဟာတွေ ဗီနိုင်းတွေကိုင်ကာ စတူဒီယိုထဲကနေ လမ်းမပေါ်ထွက် သားကောင်လိုက်မယ့် ပထမဆုံး ခြေလှမ်းကို စတင်ခဲ့ပါတယ်။

“၂၀၂၁ ဖေဖော်ဝါရီ (၇)ရက်နေ့မှာ ကျွန်တော်တို့ စပြီးအပစ်ခံရတယ်။ သူတို့ဘက်ကလည်းပစ်တော့ ကျွန်တော်တို့ဘက်ကလည်း ပြန်ကာပြီးရရာတွေနဲ့ပစ်ရင်း ပြန်တိုက်နိုင်ဖို့လုပ်နေရင်းကနေ လက်နက်ကိုင် လမ်းစဥ်ဘက်ကို ရောက်မှန်းမသိရောက်လာတာ။ မြို့ပေါ်မှာ လက်နက်ကိုင်ခုခံဖို့  လုပ်တယ်။ ကျွန်တော့်ကိုလိုက် ဖမ်းတော့ လက်နက်ကိုင်ဘက်ရောက်ပြီး သူပုန်စစ်သားမြန်မြန် ဖြစ်သွားတာပေါ့” လို့ တောင်ပိုင်းမုဆိုးက ဆိုပါတယ်။

သူ့ကို ပုဒ်မ ၁၂၂ (နိုင်ငံတော်သစ္စာဖောက်မှု) ၊ပုဒ်မ ၅၀၅ (က) ( နိုင်ငံတော်အကြည်အညိုပျက်စေမှု)  အပါအဝင် ပုဒ်မများစွာ တပ်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် လက်မတင်လေး လွတ်မြောက်ခဲ့ပါတယ်။

စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်ခံရလိုက်ရတဲ့ အတူနေ  တော်လှန်ရေးလူငယ်တွေပေါ် ခံစားရတဲ့စိတ်ကြောင့် အိမ်မရတဲ့ ညတွေကို သူကြိမ်ဖန်များစွာ ဖြတ်သန်းအံတုခဲ့ရပါတယ်။ စစ်ကောင်စီကို အဆုံးထိတော်လှန်မယ့် ဆုံးဖြတ်ချက်နဲ့  လက်နက်ကိုင်နယ်မြေထဲ ခြေစုံပစ်ဝင်ရင်း တော်လှန်ရေးရဲဘော်ဘဝကို ၂၀၂၁ခုနှစ် ဧပြီလကုန်ပိုင်းမှာ သူကူးပြောင်းခဲ့တာပါ။

မြို့ပေါ်နေ လွတ်လပ်တဲ့ အနုပညာသမားဘဝကနေ အမိန့်နာခံပြီး ခရာသံကို ကြေက်တတ်တဲ့ စစ်သားဘဝကို အသားကျဖို့က  သူ့အတွက်ကတော့ စိတ်ပိုင်းဆိုင်ရာအရ အတော်ကိုမလွယ်ကူပေမယ့် တော်လှန်ရေးနိုင်ရဖို့ ဘာမဆိုပြောင်းလဲဖို့ သူကိုယ်သူ အမိန့်ပေးခဲ့ပါတယ်။

တော်လှန်ရေး ရဲဘော်တစ်ယောက်ဖြစ်ဖို့ စိတ်ပိုင်းဆိုင်ရာသာမက  ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေကလည်း ဒုနဲ့ဒေးပါ။ တောထဲမှာ အသားကျဖို့ အတော်လေး ခက်ခဲခဲ့တာပါ။ ရေမြှုပ်မွေ့ရာပေါ်အိပ်နေရာကနေ ပုခက်တစ်လုံး ထဲမှာ၊ ဝါးကြမ်းခင်းမှာ၊ မြေကြီးပေါ်မှာ အိပ်တတ်ဖို့။ လုံခြုံရေးသတိ အမြဲကပ်နေဖို့။

ကိုယ့်ဝမ်းစာ ကိုယ်ရှာစားတတ်ဖို့နဲ့ ရရာနဲ့ဟင်းဖြစ်အောင်စားတတ်ဖို့ကနေ  အိမ်သာကို ကိုယ်တိုင် ဆောက်ဖို့အထိ  ဘဝနေထိုင်နည်း အပြောင်းအလဲတွေထဲမှာ အသားတကျဖြစ်အောင် သူပြောင်း လဲနေထိုင်ခဲ့ ပါတယ်။ ကြမ်းတမ်းတဲ့ လက်နက်ကိုင်ဘဝမှာ သူ့နှလုံးသားထဲက ပေါက်ဖွားလာတဲ့ ချစ်ခြင်းအနုပညာကတော့ နော်အဲမူဆိုတဲ့ ပန်းပွင့်လေးပါပဲ။

ကြေမွသွားတဲ့ မုဆိုးတစ်ယောက်ရဲ့ နှလုံးသား

တော်လှန်ရေးရဲဘော်တွေကို ထောက်ပို့ လုပ်နေတဲ့ ရဲမေနော်အဲမူက ကြမ်းတမ်းတဲ့ ရေမြေတောတောင်တွေထဲမှာ သူ့နှလုံးသားကို နူးညံ့အောင် ဖမ်းစားနိုင်ခဲ့ပါတယ်။

အပြုံးချိုချိုနဲ့ အမြဲတက်ကြွနေတတ်တဲ့ နော်အဲမူကို ရဲဘော်တွေက ချစ်စနိုးနဲ့ မိုးမိုး(အမေ)လို့ ခေါ်ကြပါတယ်။ နယ်မြေကျွမ်းကျင်ပြီး  ထောက်ပို့ပိုင်းကို တာဝန်ကျေရုံမကရဲဘော်ရဲမေတွေရဲ့ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းနိုင်ဖို့ လုပ်ဆောင်ပေးနေတဲ့ သူမရဲ့ ချွေးစနဲ့ရောနေတဲ့ အပြုံးတွေက သူ့အတွက်အင်အားဖြစ်စေခဲ့တာပါ။

ချောမောတဲ့မျက်နှာ သန်သန်မာမာရှိပြီး  အချိုးအစားလှလှပပ ခန္ဓာကိုယ်နဲ့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့ သူမကို သူချစ်မိခဲ့တာ အလှအပတွေကြောင့် မဟုတ်ဘူးလို့ဆိုပါတယ်။ “ဒီမှာကြည့်ဗျ ဒီရိုးရိုးရှင်းရှင်းအပြုံးတွေ ကျွန်တော့်ရင်ဘတ်ထဲက နှလုံးသားကိုင်လှုပ်ခဲ့တာဗျ”လို့ဖုန်းထဲက နော်အဲမူရဲ့ ဗီဒီယိုဖိုင်တစ်ခုကို ပြရင်းသူက ပြောပါတယ်။

တော်လှန်ရေးကာလမို့ သူ့အချစ်ကို လက်မခံနိုင်ဘူးလို့ နော်အဲမူက အစပိုင်းက ငြင်းခဲ့တာပါ။ တာဝန်တွေကြားကနေ မလျှော့တဲ့ဇွဲနဲ့ ကြိုးပမ်းရင်း ၂၀၂၂ခုနှစ်ရဲ့  ဆောင်းနှင်းပွင့်တွေဝေချိန်တစ်ရက်မှာ သူ့အချစ်ကို နော်အဲမူက လက်ခံခဲ့ပါတယ်။ နော်အဲမူက သူ့ကို “ ပါပါး”လို့ခေါ်ပြီး သူကတော့ ရဲဘော်တွေ ချစ်စနိုးခေါ်ကြသလို “မိုးမိုး”လို့ပဲ ခေါ်ခဲ့ကြပါတယ်။

တိုက်ပွဲတွေနဲ့ ထောက်ပို့လုပ်ငန်းတွေကြားက နှစ်ကိုယ်တူအချိန်ဆိုတာ တာဝန်တွေက အားလပ်ချိန်ဖြစ်တဲ့  ညဘက်ကြယ်တွေအတူ ကြည့်ချိန်တွေပဲများတယ်လို့ သူကဆိုပါတယ်။ ကြယ်တွေကို ရေတွက်ရင်း စကားအတူပြောခဲ့ရချိန်တွေက သူ့အတွက် တစ်သက်မေ့မရတဲ့ အမှတ်တရတွေပါ။ တော်လှန်ရေးပြီးရင် ကရင်ပြည်နယ်က တောရွာလေးတစ်ခုမှာ နွားတွေမွေးမယ်၊ ကျေးလက်ထုတ်ကုန်တွေ ရောင်းတဲ့ဈေးဆိုင်လေးဖွင့်ပြီး ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းမယ်လို့ သူတို့ တိုင်ပင်ထားခဲ့ကြပါတယ်။

ဒါပေမဲ့  ဒီစိတ်ကူးတွေဟာ မကြာခင်မှာပဲ ရေပေါ်အရုပ်ရေးသလို ပျက်ပြယ်ခဲ့ရပါတယ်။ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂၂ ရက်မှာစစ်ကောင်စီ အုပ်စုနယ်မြေကျူးကျော်ထိုးစစ်ဆင်မှု၊ ချောင်းမြောင်း မိုင်းဆွဲတိုက်ခိုက်မှုကြောင့်ရဲဘော် နော်အဲမူးပါဝင်တဲ့ ရိက္ခာကားမိုင်း ထိမှန်ပေါက်ကွဲပြီး သူမအပါအဝင် ရဲဘော်သုံးယောက်ကျဆုံးခဲ့ရပါတယ်။

“ ဒီအမျိုးသမီးဟာ ကျုပ်မျက်စိရှေ့တင် အကောင်းဆုံးတွေကြိုးစားပေးခဲ့ပီး ကျုပ်မျက်စိရှေ့တင် ထွက်ခွာသွားခဲ့တယ်။ တခြားသူတွေ အပေါ် သူကောင်းချင်မှကောင်းခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ ရဲဘော် တွေအတွက်တော့ အကောင်းဆုံးတွေပဲ ကြိုးစားပေးသွားခဲ့တယ်။ သူက ကျွန်တော်ချစ်သူထက် လေးစားရတဲ့ ရဲဘော်တစ်ဦးပါ” လို့ သူက လွမ်းဆွေးနာကျင်စွာနဲ့ အဝေးတစ်နေရာကို ငေးရင်း ပြောပါတယ်။

ဆုံခွင့်မရတော့တဲ့ သူ့အတွက် ပေးချင်ခဲ့တဲ့ ချစ်သူများနေ့ လက်ဆောင်

နော်အဲမူမြေချတဲ့နေ့မှာ ကလေးတစ်ယောက်ကို အော်ဟစ်ငိုယိုနေခဲ့ပြီး သူမတစ် ယောက်တည်း ချန်ထားခဲ့ရမှာကို မမြင်ရက်လို့ မြေချတဲ့နေရာမှာကို သူမသွားခဲ့ပါဘူး။ ချစ်သူ နော်အဲမူရဲ့ အမှတ်တရအဖြစ် နဲ့ ချစ်ရသူတွေ ဆုံးရှုံးခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တွေအတွက်“ဒီလောက်ပါပဲ” ဆိုတဲ့ သီချင်းကို သူဖန်တီးရေးသားခဲ့ပါတယ်။

‘’နင်မရှိတော့ဘူးလို့ ပြောတဲ့စကားတွေ ငါမယုံနိုင်သေးဘူး။ နောက်ထပ်ဘဝမှာ ဆုံခွင့်ထပ်ရပါမလား။ ဒီလောက်ပါပဲ ရေစက်ရှိသလောက်ဆုံခွင့်ရခဲ့တယ်။ ဒီလောက်ပါပဲ ဘယ်ဘုရားမှ မင်းကို မကယ်လို့ ဝမ်းနည်းတယ်။ကိုယ့်လမ်းကိုကောင်းအောင် လျှောက်ခဲ့ကြတာပဲ။နင်ဟာ ငါ့ကို ထားခဲ့တယ်” ဆိုတဲ့ ရင်တွင်းစကားတွေကိုလည်း အဲဒီသီချင်းထဲမှာ သူထည့်သွင်းရေးစပ်သီဆိုခဲ့ပြီး အမှတ်တရအဖြစ်  နော်အဲမူရဲ့ မွေးနေ့ ဒီဇင်ဘာ ၂၈ရက်နေ့မှာ ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့ပါတယ်။

သူ့အနေနဲ့ ရဲဘော်တစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ ချစ်သူနဲ့ ရဲဘော်တွေကိုယ်စားပြုတဲ့  နောက်ထပ်သီချင်းတွေဖန်တီးသွားဖို့လည်း ရှိနေသေးတယ်လို့ သိရပါတယ်။

“သူက တော်လှန်ရေးစိတ်ဓာတ် တော်တော်ပြင်းထန်တာ။ ငါက ဒီလက်နက်ကြီး အလုံးကြီးအသံတွေကြားမှ ထမင်းစားဝင်တာလို့ သူကရယ်မောပြောလေ့ရှိတာဗျ။ဘယ်တော့မှ အားနွဲ့နေတဲ့ပုံ မပြဘူး။ ဒီတော်လှန်ရေးမှာလေ တော်လှန်ရေးက အဓိက ကျွန်တော်တို့နှစ်ယောက်က ဒုတိယ၊တော်လှန်ရေးပြီးမှ ကျွန်တော်တို့နှစ်ယောက် အဓိက။ကျန်တာက ဘာမှမဟုတ်တော့ဘူး ” လို့ မျက်ရည်တွေဝဲနေတဲ့ တောင်ပိုင်းမုဆိုးက ဆိုပါတယ်။

 ဒီဇင်ဘာလ ချစ်သူမွေးနေ့ရောက်ရင်  သူ့ကိုမမေ့စေဖို့ နာမည်အစစကားလုံးပါတဲ့ လော့ကတ်သီးလေးကို အမြဲဆွဲထားလို့ရအောင် လက်ဆောင်ပေးခဲ့ချင်ကြောင်း မွေးနေ့မတိုင်ခင် လောကထဲက ထွက်ခွာသွားရတဲ့ ချစ်သူသိစေချင်တယ်လို့ သူကဆိုပါတယ်။

အခုလာမယ့်ချစ်သူများနေ့မှာ  သူမသာရှိနေသေးရင် ဘာလုပ်ပေးချင်လဲ ဆိုတဲ့ မေးခွန်းကို သူက ခုလိုပဲဖြေပါတယ်။

“သူ့အတွက်အချိန်သီးသန့်မပေးဖြစ်ခဲ့ဘူး။ တာဝန်တွေနဲ့ မအားလပ်လို့ဗျာ။ သူရောကိုယ်ရော အတူတူအားတဲ့အချိန်က သိပ်ကိုရှားတယ်။  သူ့အတွက်အချိန်အားရအောင် လုပ်ပြီး လက်တွေ့ကျ သိပ်ကျတဲ့  သူ့ကို သူလိုချင်တဲ့လက်ဆောင်ကို ရအောင်ဖြည့်ဆည်းပေးမှာဗျ” လို့ဖြေရင်း သူအားရပါးရ ငိုကြွေးနေခဲ့ပါတယ်။

တာဝန်တွေနဲ့မအားလပ်တဲ့ကြားက အန္တရယ်များတဲ့ ချစ်သူအတွက် သူတို့နှစ်ဦးရဲ့ ပထမဆုံး ချစ်သူများနေ့ Valentine’s Day မှာ ပေးချင်ခဲ့တာက ချောကလက်မဟုတ်ခဲ့ပါဘူး။ သူ့ကိုယ်စား အကာအကွယ်ပေးနိုင်မယ့် ကျည်ကာအင်္ကျီလေးတစ်ထည်လောက်တော့တောင်ပိုင်းမုဆိုး ပေးချင်ခဲ့တာပါ။ ဒါပေမယ့် သူနောက်ကျသွားခဲ့ပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.