ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF ဗဟိုကနေ YDF ထီးလင်းကာကွယ်ရေးတပ်ဖွဲ့ နှုတ်ထွက်

ထီးလင်း – နိုဝင်ဘာ(၁၀)

မကွေးတိုင်း ထီးလင်းမြို့နယ် အခြေစိုက် YDF ထီးလင်းကာကွယ်ရေးတပ်ဖွဲ့က ယောကာကွယ် ရေးတပ်ဖွဲ့ YDF ဗဟို အဖွဲ့ကနေ နှုတ်ထွက်လိုက်တယ်လို့ ဒီနေ့ နိုဝင်ဘာလ(၁၀) ရက်နေ့က သတင်း ထုတ်ပြန်လိုက်ပါတယ်။

YDF ဗဟိုလက်အောက်ခံတပ်ဖွဲ့အဖြစ်က နှုတ်ထွက်တာကို ယောကာကွယ်ရေးတပ် YDF (ထီးလင်း)နဲ့ YDF ထီးလင်းရုံးအဖွဲ့က တာဝန်ရှိသူတွေပါတဲ့ အစည်းအဝေးအမှတ်စဉ် (၂၁/၂၀၂၂) အရ ကြေညာခဲ့တာဖြစ်တယ်လို့ ဆိုထားတာပါ။

အခုလို နှုတ်ထွက်တာဟာ ထီးလင်းမြို့နယ်အတွက် ပိုမိုအင်အားတောင့်တင်းတဲ့ အဖွဲ့အစည်း ဖြစ်စေဖို့ ဗဟိုကနေ နှုတ်ထွက်တာဖြစ်တဲ့အတွက် ပြည်သူတွေ မစိုးရိမ်ကြဖို့လည်း ထီးလင်း မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တချို့သောသူတွေကတော့အမြင်စောင်းနေနိုင်တာလေးရှိနိုင်တာပေါ့နော်။ခွဲထွက်သွားပြီ အင်အား ကြီးတဲ့အဖွဲ့တစ်ဖွဲ့ ပြန်သဲ့သွားပြီဆိုပြီးမြင်ကောင်းမြင်နိုင်တာပေါ့နော်။ ဒါတွေကို မစိုးရိမ်ပါနဲ့လို့။ ကျွန်တော်တို့က အရင်ကထက်ပိုပြီးတော့နိုင်နိုင်နင်းနင်းနဲ့ စနစ်ကျတဲ့တပ်ဖွဲ့ စည်းကမ်းရှိ တဲ့တပ်ဖွဲ့ ပုံစံမျိုးကိုဖော်ဆောင်ပြီးတော့ တော်လှန်ရေးကို ဒီထက်မက ကြိုးစားပြီးဆောင်ရွက်မှာဖြစ်ပါတယ်” လို့ YDF ထီးလင်းတပ်ဖွဲ့တာဝန်ရှိသူ သခင်ဇော်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ယောကာကွယ်ရေးတပ်ဖွဲ့ YDF ဗဟိုဟာ မြို့နယ် ငါးခုအတွက် ဆောင်ရွက်နေရတာဖြစ်လို့ တချို့ ကိစ္စတွေမှာ အခက်အခဲရှိနေတာကြောင့် သက်ဆိုင်ရာ မြို့နယ်အတွက် ပိုမိုခိုင်မာအားကောင်းတဲ့ အဖွဲ့ အစည်းဖြစ်အောင်နှုတ်ထွက်တာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ဒါ့အပြင် ရှိပြီးသားတပ်ရင်း တပ်ဖွဲ့က ရဲဘော်တွေရဲ့ သဘောထားမှတ်ချက်တွေကိုလည်း မေးမြန်းပြီး ဖြစ်တဲ့အတွက် တပ်ရင်းတပ်ဖွဲ့ပုံစံကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွှန်ချက်၊လမ်းစဉ်၊မူဝါဒ တွေနဲ့ ရှေ့ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယောဒေသကာကွယ်ရေးတပ် YDF ဗဟိုရဲ့ လက်အောက်မှာ ဂန့်ဂေါ၊ကျော၊ထီးလင်း၊ဆောနဲ့ ကျောက်ထု မြို့နယ် (၅) ခုရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.