ရန်ကုန် – နိုဝင်ဘာ(၁၀)
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းကို စစ်ကောင်စီ ကအမှု နှစ်မှုထပ်တိုးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
မဆုရည်လင်းကို စစ်ကောင်စီလက်အောက်ခံ ထောင်တွင်း တရားရုံးမှာပုဒ်မ ၅၀၅(က) နဲ့ ပြီးခဲ့တဲ့ မတ်လ (၃၁) ရက်နေ့က ထောင်ဒဏ်(၃) နှစ်ချမှတ်ခဲ့တာပါ။ စစ်ကောင်စီက ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းကို ရာဇဝတ်မှုတွေဖြစ်တဲ့ ပုဒ်မ ၄၂၀(လိမ်လည်မှု)နဲ့ ပုဒ်မ ၄၆၈(လိမ်လည်ဖို့ စာရွက်စာတမ်းအတုပြုလုပ်မှု) တွေနဲ့ ထပ်တိုး တရားစွဲထားတာဖြစ်တယ်လို့ သိရပါတယ်။
မဆုရည်လင်းကို စစ်ကောင်စီက တရားစွဲထားတဲ့ လိမ်လည်မှုဟာ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်(၇)နှစ်အထိချမှတ်နိုင်သလို ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ သိရပြီး စာရွက်စာတမ်း အတုပြုလုပ်မှု ဟာလည်း အမြင့်ဆုံးပြစ်ဒဏ် (၇) နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ(၁၉) ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်မယ့် ဆန္ဒပြပွဲတစ်ခုကို သွားရောက်ချိန်မှာ မဆုရည်လင်းနဲ့အတူ အလွတ်တန်းသတင်းထောက် ကိုဖိုးသားတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ -EYUSU

