မော်လမြိုင် – နိုဝင်ဘာ(၁၀)
အာဏာသိမ်းစစ်ကောင်စီက ဘုရားစင်ပျောက်မှာစိုးလို့ စစ်တပ်က အာဏာသိမ်းရပါတယ်ဆိုတဲ့ စိတ်ကစင့်ကလျား ပြောဆိုချက်တွေဟာ အတွေးအခေါ်တိုက်ပွဲမှာ စစ်အာဏာရှင်ဝါဒ အရေးနိမ့် နေပြီဆိုတာ ပြသနေတာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ(၉) ရက်နေ့က အပတ်စဉ် PDF ရဲဘော်တွေကိုပြောနေတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောခဲ့တာပါ။
“အတွေးအခေါ်တိုက်ပွဲမှာ စစ်အာဏာရှင်ဝါဒ အရေးနိမ့်နေပြီဆိုတာ သတိပြုမိတဲ့အတွက်လည်း အခုလို အကြောင်းအကျိုးမရှိ ဥပဒေချိုးဖောက်ပြီး မိုက်မိုက်မဲမဲ အာဏာသိမ်းခဲ့တာပဲ ဖြစ်တယ်။ ဘုရားစင်ပျောက်မှာ စိုးလို့ စစ်တပ်က အာဏာသိမ်းရပါတယ် ဆိုတဲ့ စိတ်ကစင့်ကလျား ပြောဆိုချက် တွေ ငါတို့ ကြားရလိမ့်မယ်” လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ဒီမိုကရေစီမျက်နှာဖုံးကွာကျပြီး ဖက်ဆစ်ဘီလူးခေါင်း ပေါ်လာပြီဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူမှန်သမျှကို ရန်သူလို ဆက်ဆံနေတာဖြစ်တယ်လို့ ဝန်ကြီးက ပြော ပါသေးတယ်။
ပြည်သူတွေအပေါ် လက်နက်ကိုင်ရန်ပြုနေတဲ့ စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်ပြီး တုံ့ပြန်ဒဏ်ခတ်နေတဲ့တော်လှန်ရေးအင်အားစုတွေရဲ့ ညီညွတ်မှုကို စစ်ကောင်စီ ခံနိုင်ရည်ရှိမှာ မဟုတ်တော့ဘူးလို့ ဝန်ကြီးက ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ရီ က အတိတ်ကာလကဖြစ်ခဲ့တဲ့ အမျိုးဘာသာ ကိစ္စတွေနဲ့ အမျိုးသားရေး ကိစ္စတွေနဲ့ လိင်ပညာပေး သင်ခန်းစာတွေကို ပြောဆိုပြီး ပြည်သူတွေကို ဝါဒမှိုင်း တိုက်ခဲ့တာဖြစ်ပါတယ်။
“ရွေးကောက်ပွဲ နဲ့ ရွေးကောက်ပွဲမတိုင်ခင်ဖြစ်ခဲ့တဲ့ကိစ္စ ရွေးကောက်ပွဲမှာ တစ်ခုပဲပြောတာ မဲစာရင်း မှားယွင်းတဲ့ ကိစ္စရွေးကောက်ပွဲလွန်မှာဖြစ်ခဲ့တဲ့ တရားမဲ့ ပြုကျင့်မှုတွေဒါကိုအခြေတည်လိုက်တာ နိုင်ငံတော်က ဒါကိုပဲပြောတာ အတိတ်ကဖြစ်ခဲ့တဲ့ အမျိုးဘာသာ အတွက်ပြောတာ မဟုတ်ရင်ခင်ဗျား တို့အိမ်မှာ ဘုရားစင်တောင်ရှိတော့မှာမဟုတ်ဘူး” လို့ ဦးခင်ရီက ကြံ့ခိုင်ရေးပါတီ ညီလာခံတစ်ခုမှာ ပြောခဲ့ပါတယ်။
လူထုတိုက်ပွဲမှာ CRPH၊NUCC ၊ NUG တို့ ပေါ်ထွက်လာသလို တော်လှန်တဲ့ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ CDM တွေ၊ သပိတ်တွေကလည်း စစ်အာဏာရှင်ကို အလံမလှဲ စတမ်း ဆန့်ကျင်နေသလို PDF တပ်မတော်သစ်ဟာလည်း နွေဦးတော်လှန်ရေးက မွေးထုတ် ပေးခဲ့ တာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်

