မြဝတီ ၊ စက်တင်ဘာ ၉
ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေကားလမ်းမအတိုင်း ကျူးကျော်လာတဲ့ စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂)တပ်ရင်းက ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို စက်တင်ဘာ ၉ ရက်နေ့မနက် ၁၀ နာရီခွဲအချိန်လောက်က လူခို့အနီးမှာ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီထံကနေ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေမှာ MA – 3 (၂)လက်၊ MA – 1 (၁)လက်၊ MA – 2 (၁)လက်၊ MA (4) (၁) လက်၊ MA (5) (၁)လက်၊ ကျည်ဘောက် (၁၇) ခု၊ ကျည်ဘောက်အဝိုင်း (၁)ချပ်၊ လက်ပစ်ဗုံး (၂)လုံး၊ BSA (1) စကုတ် (၁) ခု၊ ၅.၅၆ ကပစ ကျည် (၆၀၀)တောင့်၊ (၄၀) မမ ဗုံးသီး (၂၀၀) လုံး၊ (၆၀) မမ ဗုံးသီး (၂၀၀) လုံး၊ ရိက္ခာခြောက် ခေါက်ဆွဲ အိတ် (၁၂) အိတ် တို့ ပါဝင်ပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ဂျီနီဗာကွန်ဗားရှင်းနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း- သံလွင်တိုင်းမ်

