ရေးမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းကား မိုင်းဆွဲခံရတာကြောင့် အသင်းဝင် တစ်ဦး ပြင်းထန် ဒဏ်ရာရ

ရေး၊ စက်တင်ဘာ (၉)

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အောင်မင်္ဂလာနာရေးကူညီနဲ့ လူမှုကယ်ဆယ်ရေးအသင်း ကားတစ်စီးဟာ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၂ ခွဲနာရီအချိန်လောက်မှာ မိုင်းဆွဲခံရတာကြောင့် အသင်းဝင် ယာဉ်မောင်း ဖြစ်သူ ကိုနေလင်ဦးမှာ ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ အသင်းတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီအသင်းရဲ့ လူနာတင်ကားဟာ မော်လမြိုင်မြို့သို့ လူနာပို့ပြီးအပြန် သံဖြူဇရပ်မြို့နယ်၊ပိန္နဲတောကျေးရွာအနီးမှာ မိုင်းဆွဲခံရတာကြောင့် ယာဉ်နောက်လိုက် အပါအဝင် ယာဉ်မောင်း နှစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။

ဒဏ်ရာရရှိသွားတဲ့ ယာဉ်နောက်လိုက်နဲ့ ယာဉ်မောင်း နှစ်ဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ယာဉ်မောင်း ဖြစ်သူ ကိုနေလင်ဦးမှာတော့ လည်ပင်နားတဝိုက်နဲ့ ဇက်ပိုးတွေမှာ မိုင်းစဝင် ဒဏ်ရာတွေ ရရှိထားတာကြောင့် အရေးပေါ် ကုသမှုခံနေရတာ ဖြစ်ပါတယ်။

“ယာဉ်မောင်းက စိုးရိမ်ရတယ်၊ လောလောဆယ် ခွဲစိတ်ခန်းဝင်ထားတယ်၊ ဆရာဝန်ကြီးရဲ့ စကားကို စောင့်နေတာပေါ့။ ယာဉ်နောက်လိုက်က ဖူးရောင် ဒဏ်ရာပဲ ရတယ်။ ဘယ်အဖွဲ့ပဲ လုပ်လုပ် ကျွန်တော်တို့က ရှုတ်ချပါတယ်။ဒါကတော့ လုံဝ လက်ခံနိုင်စရာအကြောင်းမရှိဘူး”လို့ အောင်မင်္ဂလာနာရေးကူညီနဲ့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့မှာလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သချိုင်းရှေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်တောင်း လူမှုကယ်ဆယ်ရေးအသင်းကား ပစ်ခတ်ခံရပြီး အသင်းဝင်တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

အလားတူ ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်း တောနော်ရေတံခွန်အနီးမှာ ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့ မနက် ၉ နာရီလောက်မှာ မြဝတီခရိုင် လူမှုကူညီရေးအသင်းကား ပစ်ခတ်ခံခဲ့ရပြီး ကားထိ ကျည်ထိမှန်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.