မီဒီယာစိန်ခေါ်မှုများ ဆိုတဲ့ပွဲမှာ စစ်ကောင်စီသတင်းမီဒီယာကောင်စီကို တက်ရောက်ခွင့်ပေးခဲ့တဲ့အတွက်လွတ်လပ်သော မီဒီယာအဖွဲ့(၃၃)ဖွဲ့က ကန့်ကွက်

မော်လမြိုင် – စက်တင်ဘာ(၉)

အရှေ့တီမောနိုင်ငံမှာ ကျင်းပခဲ့တဲ့ “The Dili Dialogue Forum 2022” မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ကိုယ်စားပြုတက်ရောက်ခွင့်ပေးခဲ့တဲ့အတွက် လွတ်လပ်သောသတင်းမီဒီယာအဖွဲ့(၃၃)ဖွဲ့က ကန့်ကွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၅)ရက်နဲ့ (၂၆) ရက်နေ့တွေက အရှေ့တီမောနိုင်ငံမှာ မီဒီယာစိန်ခေါ်မှုများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ပွဲမှာ စစ်တပ်လက်ကိုင်တုတ် ဦးစိုးသိန်းရဲ့သားဖြစ်သူဟာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်အဖြစ် တက်ရောက်စာတမ်းဖတ်ကြားခဲ့တာပါ။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်အဖြစ်နဲ့ စာတမ်းဖတ်ခဲ့တဲ့ ဦးအေးချမ်းဟာ မြန်မာနိုင်ငံရဲ့ မီဒီယာစိန်ခေါ်မှုများဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောဆိုခဲ့ပြီး သူပြောတာတွေဟာ အထောက်အထားမဲ့ပြီး ရမ်းသမ်းပြောဆိုတာတွေဖြစ်တယ်လို့ Karen Information Center (KIC) အယ်ဒီတာချုပ် နန်ဖော့ဂေက အခုလိုပြောပါတယ်။

“မီဒီယာသမားမဟုတ်သူက စစ်ကောင်စီ ပြန်ကြားရေးကလွဲလို့ ကျန်မီဒီယာတွေ သတင်းမှား ရေးတယ်လို့ စွပ်စွဲတာ အထောက်အထားမဲ့ပြီး ခိုင်လုံသော အချက်အလက် မပြဘဲ ရမ်းသမ်း ပြောဆိုနေတာပါ။ ဒါကိုက နိုင်ငံတကာမီဒီယာကို သတင်းအမှား သွားဖြန့်နေတာပဲလို့ သတ်မှတ်ချင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ မြန်မာမီဒီယာကောင်စီဟာ ပြည်သူလူထုကို သတင်းမှန် မပေးနိုင်တဲ့ တရားမဝင်သော မီဒီယာကောင်စီဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ဦးအေးချမ်းဆိုသူရဲ့ ပြောဆိုမှုတွေဟာ စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်ပြီး လွတ်လပ်တဲ့ မြန်မာမီဒီယာတွေရဲ့ သတင်းတင်ဆက်မှုတွေဟာ သတင်းတု၊သတင်းအမှား တွေဖြစ်ကာ တိုင်းပြည်အခြေအနေပိုမိုဆိုးဝါးလာအောင် ပြုလုပ်နေတယ်ဆိုပြီး မဟုတ်တမ်းတရား အချက်အလက်တွေကို အခြေခံပြီးရမ်းသမ်းပြောဆိုတာတွေလုပ်ခဲ့တယ် လို့ လွတ်လပ် သောမီဒီယာအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

“သူပြောတာတွေ အားလုံးက သတင်းမီဒီယာ ရဲ့ အခက်အခဲတွေ မဟုတ်ဘဲ အာဏာသိမ်း စစ်ကောင်စီရဲ့ အခက်အခဲတွေကို အချက်အလက်အမှား၊ အချက်အလက်အတု တွေနဲ့ ပြောသွားတာပါ” လို့ Mizzima Media အယ်ဒီတာချုပ် ဦးစိုးမြင့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲ့ဒီစာတမ်းဟာ မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်မီဒီယာတွေရဲ့ ရပ်တည်မှုအခြေအနေ သတင်းလွတ်လပ်ခွင့်အခြေအနေတွေကို ဖော်ပြထားတာမရှိဘဲ စစ်ကောင်စီ အာဘော် မမှန်ကန်တဲ့ သတင်းစကားတွေကိုသာဖြန့်ဝေခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေက တိကျမှန်ကန်ခိုင်လုံတဲ့ မြေပြင်သတင်းအချက်အလက်တွေနဲ့ ပြည်သူလူထု ရင်ဆိုင်နေရတဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မျက်ကွယ်ပြုထားပြီး အရှေ့တီမောနိုင်ငံမှာကျင်းပတဲ့မီဒီယာဖိုရမ်မှာ မြန်မာနိုင်ငံရဲ့ မီဒီယာစိန်ခေါ်မှုများခေါင်းစဉ်နဲ့ တင်ပြခဲ့ တာဟာ စစ်ကောင်စီရဲ့ နိုင်ငံတကာသတင်းမီဒီယာတွေကို သတင်းအမှားဖြန့်ဝေတာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

“နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့တွေအနေနဲ့ကလည်း လူမှန်နေရာမှန် မဟုတ်ဘဲ ဖိတ်ခေါ်တာတွေကို အထူးသတိထားဖို့လိုသလို အမှန်တကယ် မြန်မာ့မီဒီယာ အသိုင်းအဝိုင်းကို ကိုယ်စားပြုသူကို သေချာ ရွေးချယ်ဆက်သွယ်ဖိတ်ခေါ်သင့်ပါတယ်။ အခုလို တစ်နိုင်ငံလုံးကို အလုံးစုံ ပျက်စီးစေပြီး ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်နေတဲ့ အစုအဖွဲ့က လူပုဂ္ဂိုလ်ကို ဖိတ်ခေါ်လိုက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ မီဒီယာစိန်ခေါ်မှုထဲက တစ်ခုပဲဖြစ်တယ်လို့ ပြောချင်ပါတယ်” လို့ Karen Information Center (KIC) အယ်ဒီတာချုပ် နန်ဖော့ဂေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

လွတ်လပ်သောမီဒီယာအဖွဲ့အစည်းတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီက ဖြန့်ဝေ နေတဲ့သတင်းအမှားနဲ့ လုပ်ကြံသတင်းတွေကို တိုက်ဖျက်ဖို့အတွက် အရှေ့တောင်အာရှနိုင်ငံများ ရဲ့ သတင်းမီဒီယာကောင်စီတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အစီအစဉ်ရှိပြီး အဲ့ဒီအတွက် အထောက် အပံ့ပေးဖို့လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမီဒီယာသမားတွေရဲ့ အများသဘောနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အဖွဲဝင် (၂၇) ဦးဟာ စစ်ကောင်စီ အလိုကျ မလုပ်ဆောင်နိုင်တဲ့အတွက် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလတည်းက တပြိုင်တည်းနှုတ်ထွက်ခဲ့ကာ သတင်းလွတ်လပ်ခွင့်ကိုကာကွယ်တာ၊မီဒီယာကျင့်ဝတ်စံနှုန်းတွေ ကိုထိန်းကျောင်းတာနဲ့ လုပ်ဖော်ကိုင်ဘက်သတင်းသမားတွေကို ကာကွယ်စောင့်ရှောက်တဲ့ တာဝန်တွေကို ဆက်ပြီး လုပ်ဆောင်ဖို့ မတက်နိုင်တဲ့ အခြေအနေကို ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာအဖွဲ့တွေရဲ့ မီဒီယာလွတ်လပ်မှု၊ဒီမိုကရေစီနဲ့ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်မြောက်ရေးကြိုးပမ်းနေမှုတို့ကို တခြားနိုင်ငံက လွတ်လပ်တဲ့ မီဒီယာ အဖွဲ့အစည်းတွေ၊သတင်းထောက်တွေနဲ့ မီဒီယာကောင်စီတွေက ထောက်ပံ့ရပ်တည်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်တဲ့ သတင်းမီဒီယာအဖွဲ့ အစည်း (၁၁) ဖွဲ့ရဲ့ လုပ်ငန်းလိုင်စင်တွေရုပ်သိမ်းတာ၊ သတင်းထောက်(၁၄၀) ကျော်ကို အကြောင်းပြ ချက်မယ်မယ်ရရမရှိဘဲ ဖမ်းဆီးနှိပ်စက်တာတွေလုပ်ဆောင်ခဲ့တဲ့အတွက် သတင်းထောက်(၄) ဦး သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.