ထားဝယ်-ထီးခီးလမ်းပိုင်းတိုက်ပွဲမှာ စစ်ကောင်စီ ဒုတပ်ရင်းမှူး အပါအဝင် ၁၂ ဦး သေဆုံးခဲ့

ထားဝယ်၊ စက်တင်ဘာ (၈)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းပိုင်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွသ်း စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၆ ရက် နေ့လယ် ၁၂ နာရီလောက်က ထားဝယ်-ထီးခီးလမ်းပိုင်း၊ ဝါးတောကျေးရွာအနီး စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ ခလရ(၂၆၇) တပ်ရင်းနဲ့ ဗိုလ်ကော်လောဦးဆောင်တဲ့ ကော်သူးလေတပ်မတော် ၊ နွေဦးပြောက်ကျားပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

နှစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး ၁ ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး၊ စစ်ကောင်စီထံက ဗုံးပစ်လောင်ချာ ၄ လက်၊ ၄၀ မမ ဗုံးသီး ၁၁ လုံး၊ ကျည်ဘောက် ၈ ခု၊ ပစ္စတို ၁ လက်၊ ၆၀ မမ ဗုံးသီးတစ်လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ဆက်သွယ်ရေးစက် အပါအဝင် စစ်သုံးပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် နှစ်ဖက်တိုက်ပွဲအတွင်းမှာ ဗိုလ်ကော်လောဦးဆောင်တဲ့ ကော်သူးလေတပ်မတော် ၊ နွေဦးပြောက်ကျားပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှု တစ်ရာတစ်စုံ တစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၆ ရက်နေ့ကလည်း ထားဝယ်-ထီးခီးလမ်းပိုင်ရှိ ကျောက်သေတ္တာတောင်နဲ့ဘဝပင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦး ထက်မနည်း သေဆုံးနိုင်တယ်လို့ ထားဝယ်အရှေ့တော PDF က သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

ထားဝယ်-ထီးခီးလမ်းပိုင်းမှာတော့ ပြီးခဲ့တဲ့လကုန်ကစပြီး စစ်ကောင်စီတပ်က အင်အားအလုံးအရင်း ထိုးစစ်ဆင်နေတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.